မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး(အခြောက်) နှင့် ငရုတ်သီး (အစို) များတွင် Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်း သက်ဆိုင်ရာမှ သိရှိရကြောင်း၊ အဆိုပါဖြစ်စဉ်အား စိစစ်ရာတွင် ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး(အစို) များကို မြဝတီနယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီတစ်ခုတို့က တင်ပို့ခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းကြောင့် ထပ်မံပြီး ငရုတ်သီးတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် မတင်ပို့မီ ငရုတ်သီးနမူနာများကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Aflatoxin မှိုအဆိပ်သည် ပြောင်း၊ ငရုတ်ကောင်း၊ နနွင်း၊ ပဲ၊ နေကြာတို့တွင်လည်း ပါရှိနိုင်သော်လည်း မြေပဲနှင့်ငရုတ်တွင် အများဆုံးပါရှိသည်ဟု သိရပြီး မှိုအဆိပ်ပါဝင်မှုမှာ အပူချိန်နှင့်စိုထိုင်းဆအပေါ် မူတည်ကြောင်း၊ ငရုတ်သီးတွင် Aflatoxin ပါဝင်မှုများလျှင် အန္တရာယ်ရှိသည်ဟု ကျန်းမာရေးရှုထောင့်က သတ်မှတ်ထားကြောင်း သိရသည်။















