သီရိလင်္ကာတွင် ရေဘေးကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာ

သီရိလင်္ကာတွင် ရေဘေးကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာ
Published 30 November 2025

သီရိလင်္ကာနိုင်ငံတွင် ဆိုင်ကလုန်းဒစ်ဝါကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် နိုဝင်ဘာ ၂၉ ရက်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအကူအညီတောင်းခံခဲ့သည်။

ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁၅၃ ဦးရှိလာပြီး ပျောက်ဆုံးသူ ၁၉၁ ဦးရှိသည်ဟု သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ (DMC) က ထုတ်ပြန်ထားသည်။

ပြင်းထန်ရာသီဥတုဖြစ်စဉ်ကြောင့်နေအိမ် ၂၀၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၈၀၀၀ ခန့် အစိုးရက စီစဉ်ပေးထားသည့် ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်ဟု DMC က ဆိုသည်။

ရေဘေးကြောင့် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရပြီးနောက် နောက်ထပ် လူဦးရေ ၇၉၈၀၀၀ ခန့် အကူအညီလိုအပ်နေကြောင်း DMC ပြောရေးဆိုခွင့်ရှိသူ ပရာဒိကိုဒစ်ပီလီက ပြောပြခဲ့သည်။

သမ္မတ အနူရာကုမာရာဒစ်ဆာနာယာကီသည် အရေးပေါ်အာဏာကို ပြဋ္ဌာန်းခဲ့ပြီး ကျွန်းတစ်ဝန်း တစ်ပတ်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများ၏ နောက်ဆက်တွဲဆိုးကျိုးများကို စီမံခန့်ခွဲရန် ကျယ်ပြန့်သော အခွင့်အာဏာကို ပေးအပ်ခဲ့သည်။

သေဆုံးသူများတွင် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ကူရူနီဂါလာခရိုင်ရှိ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတစ်ခုမှ နေထိုင်သူ ၁၁ ဦး လည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပြခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန်အတွက် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်မှ တပ်ဖွဲ့ဝင်များကို အရပ်သားလုပ်သားများနှင့် စေတနာ့ဝန်ထမ်းများနှင့်အတူ စေလွှတ်ထားသည်။

စစ်တပ်က နိုဝင်ဘာ ၂၉ ရက်တွင် ဘတ်စ်ကားခရီးသည် ၆၉ ဦးကို ကယ်တင်ခဲ့ပြီး ၎င်းတို့ထဲတွင် အနူရတ်ဟာပူရခရိုင်တွင် ၂၄ နာရီကြာ သောင်တင်ပိတ်မိနေသည့် ဂျာမန်ခရီးသွားတစ်ဦးလည်းအပါအဝင်ဖြစ်သည်။

ဆေးရုံတွင် တက်ရောက်ကုသနေသော ခရီးသွားများမှတစ်ဦးက ရေတပ်သားများသည် ၎င်းတို့ကို ခက်ခက်ခဲခဲ ကြိုးစားကယ်တင်ခဲ့ပုံများအား ပြန်ပြောင်းပြောပြခဲ့သည်။

"ကျွန်တော်တို့အရမ်းကံကောင်းပါတယ်။ ကျွန်တော်တို့ ကားခေါင်မိုးပေါ်တက်နေတုန်း အမျိုးသမီးသုံးဦးက ရေထဲပြုတ်ကျသွားခါနီး ရေတပ်သားတွေက ခေါင်မိုးပေါ်ပြန်ရောက်အောင် ကူညီပေးခဲ့ပါတယ်။နောက်တော့ ရေတပ်လှေတွေနဲ့ ကယ်တင်ပေးခဲ့ပါတယ်"ဟု ပြောပြခဲ့သည်။

ဘာဒူလာခရိုင်အလယ်ပိုင်းရှိ လမ်းများသည် အသုံးပြု၍မရတော့ဘဲ ရွာများစွာနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကယ်ဆယ်ရေးပစ္စည်းများ မပို့ဆောင်နိုင်တော့ပေ။

"ကျွန်တော်တို့ရွာမှာ သေတဲ့လူနှစ်ယောက်ရှိပါတယ်။ အခြားသူတွေကတော့ ဘုရားကျောင်းတို့ ရေဘေးဒဏ်ခံနိုင်တဲ့အဆောက်အအုံတွေမှာ ခိုလှုံနေကြပါတယ်"ဟု ရေဘေးအဆိုးဆုံးကြုံတွေ့နေသည့် မက်စ်ပန်နာခရိုင် ဘာဒူလာရွာမျ ဆာမန်ကူမာရာက ပြောပြခဲ့သည်။

"ကျွန်တော်တို့ ရွာထဲကနေ ထွက်သွားလို့မရပါဘူး။ မြေပြိုတဲ့အတွက် လမ်းတွေအားလုံး ပိတ်နေလို့ ဘယ်ကယ်ဆယ်ရေးမှ ရောက်မလာပါဘူး။ အစားအစာလဲမရှိသလို သောက်ရေတွေလည်း ပြတ်ကုန်ပါတယ်"ဟု ၎င်းက News Center ဝက်ဘ်ဆိုဒ်ကို ဖုန်းဖြင့် ပြောပြခဲ့သည်။

ဓာတ်တိုင်များ ပြိုကျပြီး ရေသန့်စင်စက်ရုံများ ရေလွှမ်းမိုးမှုကြောင့် နိုင်ငံ၏ သုံးပုံတစ်ပုံခန့်သည် လျှပ်စစ်မီး သို့မဟုတ် ရေပေးဝေမှု ပြတ်တောက်နေကြောင်း အရာရှိများက ပြောကြားခဲ့သည်။

အင်တာနက်ဆက်သွယ်ရေးလည်း ပြတ်တောက်နေသည်ဟု ဆိုသည်။

ဆိုင်ကလုန်းဒစ်ဝါသည် နိုဝင်ဘာ ၂၉ ရက်တွင် သီရိလင်္ကာမှ ထွက်ခွာပြီး အိမ်နီးချင်း အိန္ဒိယသို့ ဦးတည်သွားရောက်နေသည်။

ဆိုင်ကလုန်းချဉ်းကပ်လာမှုကြောင့် အိန္ဒိယ၏ ချန်နိုင်းလေဆိပ်တွင် လေကြောင်းခရီးစဉ် ၅၄ ခုကို ဖျက်သိမ်းခဲ့သည်။

သီရိလင်္ကာအစိုးရသည် နိုင်ငံတကာအကူအညီများတောင်းခံခဲ့ပြီး ပြည်ပရှိ သီရိလင်္ကာနိုင်ငံသားများအနေဖြင့် ထိခိုက်နစ်နာခဲ့ရသော လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ရန်အတွက် ငွေသားလှူဒါန်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။

အိန္ဒိယနိုင်ငံသည် ပထမဆုံးတုံ့ပြန်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ထားသော လေယာဉ်နှစ်စင်းနှင့် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နှစ်စင်းအပြင် ကယ်ဆယ်ရေးအဖွဲ့ ၂၂ ဖွဲ့ကို စေလွှတ်ခဲ့သည်။

Ref:AFP

Photo:AFP

Most Read

Most Recent