ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ဖလားမဲခွဲပွဲအပြီးမှာ ကန့်ကွက်မှုတွေ ရှိလာနိုင်ကြောင်း Daily Mail က သုံးသပ်ဖော်ပြခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဒါရာအိုရှေးကို တံတောင်နဲ့ တွက်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပါတယ်။
စီရော်နယ်လ်ဒိုရဲ့ အဆိုပါလုပ်ရပ်ကို ဖီဖာက အကြမ်းဖက်တဲ့ အပြုအမူလို့ သတ်မှတ်ပြီး သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပေမဲ့ လက်ကျန်နှစ်ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ အာမေးနီးယားနှင့်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်တစ်ပွဲကို ကျခံခဲ့ပြီးပြီဖြစ်တာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပယ်ခံရတော့မှာ မဟုတ်ဘဲ အုပ်စုအဖွင့်ပွဲကတည်းက ပါဝင်ကစားနိုင်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် ဖီဖာရဲ့ ပြစ်ဒဏ်ချမှတ်မှုက စီရော်နယ်လ်ဒို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ မလွဲချော်ရေအောင် စည်းမျဉ်းကို လိုသလိုအပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့အပြင် စီရော်နယ်လ်ဒိုအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီးမကြာခင် ဖီဖာက အခုလို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်တာကြောင့် ဖီဖာရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီအပေါ်လွှမ်းမိုးမှုတွေ ရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Daily Mail ကတော့ စီရော်နယ်လ်ဒိုအပေါ် ဖီဖာရဲ့ ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားမဲခွဲပွဲမှာ ပေါ်တူဂီအသင်းနဲ့ ဆုံတွေ့ရမယ့် အသင်းတွေက လက်ခံဖွယ်မရှိဘဲ ကန့်ကွက်ဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မဲခွဲပွဲကို ဒီဇင်ဘာ ၅ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အုပ်စုအဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ဆုံတွေ့ရမယ့် ပြိုင်ဘက်အသင်းတွေက စီရော်နယ်လ်ဒိုအပေါ် ဖီဖာရဲ့ဆိုင်းငံ့ပွဲပယ်ပြစ်ဒဏ်ချမှတ်မှုအတွက် အားကစားခုံရုံး(CAS)ထံ အယူခံဝင်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။















