ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်တာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက်နောက်ခံလူကို တံတောင်နဲ့တွက်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပြီး ပုံမှန်အတိုင်းဆိုရင် (၃)ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပေမဲ့ အာမေးနီးယားနဲ့ ပွဲကိုသာ လွဲချော်ခဲ့ရပြီး ကျန်နှစ်ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခံရတာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုအနေနဲ့ တစ်နှစ်တာကာလအတွင်း အလားတူပြစ်မှုမျိုး ကျူးလွန်ခဲ့မယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်နှစ်ပွဲကို ချက်ချင်းကျခံရမှာဖြစ်ကြောင်း ဖီဖာက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ကလပ်အသင်းကစားသမားဘဝမှာ အနီကတ်(၁၃)ကြိမ် ပြသခံရဖူးပေမဲ့ လက်ရွေးစင်အသင်းမှာတော့ (၂၂၆)ပွဲမြောက်မှာမှ ပထမဆုံးအနီကတ် ပြသခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။















