ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ ရရှိဖူးတဲ့ ဆွစ်ဇာလန်ဂန္ထဝင်တင်းနစ်သမား ဖက်ဒါရာကို နိုင်ငံတကာတင်းနစ် Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုမယ်လို့ သိရပါတယ်။
အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ဖက်ဒါရာဟာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ၁၉၉၈ မှ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ အပါအဝင် ATP ဆုဖလား စုစုပေါင်း ၁၀၃ ကြိမ်ရရှိကာ Open Era မှာ ဂျင်မီကော်နာ (၁၀၉ ကြိမ်) ပြီးရင် ဒုတိယမြောက် ဆုဖလားအများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ထားသူပါ။
ရော်ဂျာဖက်ဒါရာဟာ ကမ္ဘာ့အဆင့် ၁ နေရာမှာလည်း ဒုတိယအများဆုံးအဖြစ် ရက်သတ္တပတ် ၃၁၀ ကြာ ရပ်တည်နိုင်ခဲ့ပြီး Hall of Fame မှာ ဂုဏ်ပြုမယ့်အခမ်းအနားကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၇-၂၉ ရက်သတ္တပတ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
နိုင်ငံတကာတင်းနစ် Hall of Fame မှာ ဂုဏ်ပြုခံရသူ (၂၇၀)ဦး ရှိနေပြီဖြစ်ပြီး ဒီနှစ်အတွက် အမေရိကန်ဂျာနယ်လစ် မယ်ရီကာရီလိုလည်း ရော်ဂျာဖက်ဒါရာနဲ့အတူ Hall of Fame မှာ ထည့်သွင်းခံခဲ့ရကြောင်း သိရပါတယ်။
ရော်ဂျာဖက်ဒါရာက Hall of Fame မှာ အကျော်အမော်တွေနဲ့အတူ ဂုဏ်ပြုခံရတာဟာ ကြီးမားတဲ့ ဆုလာဘ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။















