မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်(၁၀)ပွဲဝန်းကျင်ကို လွဲချော်ဖွယ်ရှိကြောင်း သိရပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံမှာ ၂၀၂၅ ဒီဇင်ဘာ(၂၁)ကနေ ၂၀၂၆ ဇန်နဝါရီ(၁၈)အထိ ကျင်းပမှာဖြစ်ပြီး အီဂျစ်အသင်းက အုပ်စု(B)မှာ တောင်အာဖရိက၊ အန်ဂိုလာ၊ ဇင်ဘာဘွေတို့နဲ့အတူ ကျရောက်နေပါတယ်။
အီဂျစ်အသင်းဟာ အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာ(၂၂)မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ(၁၄)မှာ နိုင်ဂျီးရီးယားအသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အိုမာမာမွတ်ရှ်ကို ခြေစမ်းပွဲအမီ ခေါ်ယူဖို့ လိုလားနေတာကြောင့် အီဂျစ်အသင်းသာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့မယ်ဆိုရင် အိုမာမာမွတ်ရှ်အနေနဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်များစွာကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလား ကျင်းပမယ့် ပြိုင်ပွဲကာလအတွင်း ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး၊ မန်ယူတို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေကြောင်းလည်း သိရပါတယ်။















