မေဂျာလိဂ်ပြိုင်ပွဲ ကျင်းပတဲ့ကာလကို ဥရောပထိပ်သီးလိဂ်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ ၂၀၂၇ ခုနှစ်မှာ အပြောင်းအလဲပြုလုပ်မယ်

မေဂျာလိဂ်ပြိုင်ပွဲ ကျင်းပတဲ့ကာလကို ဥရောပထိပ်သီးလိဂ်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ ၂၀၂၇ ခုနှစ်မှာ အပြောင်းအလဲပြုလုပ်မယ်
Photo: MLS
Photo: MLS
Published 14 November 2025

မေဂျာလိဂ်ပြိုင်ပွဲ ကျင်းပတဲ့ကာလကို ဥရောပထိပ်သီးလိဂ်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ ၂၀၂၇ ခုနှစ်ကစပြီး အပြောင်းအလဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

မေဂျာလိဂ်ပြိုင်ပွဲရဲ့ ရာသီကို လက်ရှိအချိန်မှာ ဖေဖော်ဝါရီကနေ ဒီဇင်ဘာလအထိ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားတာဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက တည်မြဲလာခဲ့တဲ့ ပုံစံဖြစ်ကြောင်း သိရပါတယ်။

ဒီလိုကျင်းပခြင်းက ဥရောပထိပ်သီးလိဂ်တွေနဲ့ သဟာဇာတမဖြစ်ဘဲ မေဂျာလိဂ်ယှဉ်ပြိုင်ချိန်မှာ ဥရောပလိဂ်တွေ ရပ်နားထားတာ၊ မေဂျာလိဂ် ရပ်နားချိန်မှာ ဥရောပလိဂ်တွေ ယှဉ်ပြိုင်နေတာမျိုးတွေ ဖြစ်နေပါတယ်။

ဒါကြောင့် မေဂျာလိဂ်ပြိုင်ပွဲရာသီကို နွေရာသီကနေ နွေဦးရာသီအထိ ယှဉ်ပြိုင်ရတဲ့ပုံစံ၊ တစ်နည်းအားဖြင့် ဇူလိုင်လကနေ မေလအထိ ယှဉ်ပြိုင်ရတဲ့ပုံစံ ပြောင်းလဲဖို့ မဲခွဲဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

လာမယ့်နှစ်မှာ လက်ရှိပုံစံအတိုင်းသာ ဆက်လက်ကျင်းပသွားမှာဖြစ်ပေမဲ့ ၂၀၂၇ မှာတော့ ဇူလိုင်လမှာ ရာသီစတင်၊ ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီအတွင်း ဆောင်းရာသီအနားပေးပြီး မေလမှာ ရာသီအဆုံးသတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဒီအပြောင်းအလဲကို မေဂျာလိဂ်တာဝန်ရှိသူတွေက MLS 3.0 အဖြစ် အဆင့်မြှင့်တင်ခြင်းလို့ ညွှန်းဆိုထားကြသလို၊ မေဂျာလိဂ်ပရိသတ်တွေကလည်း ထောက်ခံခဲ့ကြကြောင်း သိရပါတယ်။

Most Read

Most Recent