ရန်ကုန်မြို့ Eastern Yangon Eventpark ၌ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် ညစ်ညမ်းစကားများပြောဆိုခဲ့သူ အပါအဝင် သီဆိုဖျော်ဖြေသူများနှင့် ပွဲစီစဉ်သူများစုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖော်ထုတ်ချက်အရ အဆိုပါဖျော်ဖြေပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့သူများ ဖြစ်သည့် စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်နေ တင်ရတနာသိမ့်၊ မရမ်းကုန်းမြို့နယ် စည်ပင်မီးသတ်ရုံးဝန်ထမ်းအိမ်ရာနေ ဟန်လင်းထက်နှင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ(၂၉)ရပ်ကွက်နေ အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ Overflow Music Festival ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန် စီစဉ်ခဲ့ကြောင်း၊ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ Bkho Bain (ခ) သိန်းမင်းထိုက်တို့ကို နိုဝင်ဘာ၂ ရက်ညတွင် အခြားအဆိုတော်များနှင့်အတူ ဖျော်ဖြေပေးရန် ငှားရမ်းခဲ့ကြောင်း၊ နိုဝင်ဘာ ၂ ရက်ညတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက်တို့နှစ်ဦးသည် “ရပါတယ်နှင့် 5.55566" သီချင်းအပါအဝင် သီချင်း ၁၂ ပုဒ်အား သီဆိုဖျော်ဖြေခဲ့ကြောင်း၊ “5.55566” သီချင်းကို ဖျော်ဖြေရာတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များအတွင်းသို့ “ကွန်ဒုံးများ” ဖြန့်ကြဲပြီးနောက် သီဆိုဖျော်ဖြေခဲ့ကြောင်း၊ ထို့သို့ဖျော်ဖြေ နေစဉ် ၎င်းတို့နှစ်ဦးအပါအဝင် ၁၃ ဦးခန့်မှ စင်ပေါ်တက်ရောက်၍ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ယင်းသို့ ဖော်ထုတ်ချက်အရ အခင်းဖြစ်နေ့တွင်သီဆိုဖျော်ဖြေ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်း များတွင် ပါဝင်ခဲ့ကြသူများကို ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့နောက် သီဆိုဖျော်ဖြေရာတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့သစ်(က)ရပ်ကွက်နေ It's Phyo (ခ) ဖြိုးသန့်အောင်(ခ) ကိုဖြိုးအား နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ရန်ကင်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ “What's Up Café ဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်၌ သီဆိုကခုန်ခဲ့သည့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း (ခ) စိုင်းမွမ်းဖအား ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်နေ သက်လှိုင်ဝင်း(ခ) ကိုသက်၊ ချမ်းမြသာစည်မြို့နယ်နေသူများဖြစ်သည့် အာကာဖြိုး(ခ)အာကြီး၊ မင်းမော်ထွန်း(ခ) မော်ကြီး၊ ဟိန်းလွင်ထွန်း (ခ) ဖိုးထန်း၊ စိုင်းအောင်ခေးတို့အား နိုဝင်ဘာ ၅ ရက် ည ၈ နာရီတွင် ၎င်းတို့၏ နေအိမ်များမှလည်းကောင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၆) ရပ်ကွက် ဝေလင်းအောင်အား ယင်းနေ့ည ၈ နာရီ ၁၅ မိနစ်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်နေသူများဖြစ်သည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ ပြည့်ဇော်အောင်(ခ) Pause (၂၃)နှစ်နှင့် ထိုက်အောင်ကျော်မြတ်(ခ) ဗြဲကြီး (၂၁)နှစ်တို့အား နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ အဆိုတော် Bkho Bain (ခ) သိန်းမင်းထက်နှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ လင်းလင်းထွန်း(ခ) လင်းထွန်းတို့သည် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံသဖြင့် အသီးသီး အမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများ ပြောဆိုကာ “ကွန်ဒုံးများ" ဖြန့်ဝေပြီး သီဆိုကခုန်ခဲ့ကြသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထက် တို့ပါ အမျိုးသား ၁၃ ဦးနှင့် ပွဲစီစဉ်သူများ ဖြစ်သည့် တင်ရတနာသိမ့်၊ ဟန်လင်းထက်နှင့် အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့အား သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း၌ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















