အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” မုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံ နေရာဒေသအချို့တွင် နေရာကွက် မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။
လာအိုနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကြောင်း၊ လာမည့် ၁၂ နာရီအတွင်း အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁ဝရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တ မကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
ယင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများ အနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန် သတိပေးကြောင်း မိုးဇလက ထုတ် ပြန်ထားသည်။
နိုငင်ဘာ ၆ ရက်က ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသအခြေအေနေများမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။
ညအပူချိန်များမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီဆဲလ်စီး ယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့် ညအပူချိန်များမှာ ဟား ခါး မြို့တွင် ၁၂ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၁၅ ဒသမ ၄ ဒီဂရီဆဲလ်စီး ယပ်၊ ဟုမ္မလင်းမြို့တွင် ၁၅ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်၊ တောင်ကြီးမြို့တွင် ၁၇ ဒီဂရီ ဆဲလ်စီးယပ်၊ ပင်လောင်းမြို့တွင် ၁၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့တွင် ၁၇ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၁၇ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်နှင့် ဟဲဟိုးမြို့တွင် ၁၈ဒီဂရီဆဲလ် စီးယပ်တို့ ဖြစ်သည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့သောင်းမြို့တွင် ၂ ဒသမ ၂၄ လက်မ၊ ကျိုက္ခမီမြို့တွင် ၂ ဒသမ ၁၇ လက်မ၊ ဖျာပုံမြို့တွင် ၁ ဒသမ ၈၁ လက်မ၊ မှော်ဘီမြို့ တွင် ၁ ဒသမ ၅၀ လက်မ၊ ဒေးဒရဲမြို့တွင် ၁ ဒသမ ၃၆ လက်မ၊ ကျိုက်လတ်မြို့တွင် ၁ လက်မ၊ ဇလွန်မြို့နှင့် မိုးညှင်းမြို့တို့တွင် သုည ဒသမ ၅၉ လက်မစီ၊ နေပြည်တော်(ဇေယျာ သီရိမြို့နယ်)တွင် သုည ဒသမ ၅၁ လက်မနှင့် ကလောမြို့တွင် သုည ဒသမ ၄၉ လက်မတို့ ဖြစ်ကြသည်ဟု မိုးဇလက ထုတ်ပြန်သည်။















