ရန်ကုန်မြို့တွင် ၀ိုင်ဖိုင်အင်တာနက်လိုင်းများ တပတ်နီးပါးကြာသည်အထိ ကောင်းမွန်မှု မရှိသေးကြောင်း ရန်ကုန်မြို့တွင် အင်တာနက် သုံးစွဲသူများထံမှ သိရသည်။
နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ အိမ်သုံးဝိုင်ဖိုင်အင်တာနက်လိုင်းများမှာ ပြတ်တောက်ခြင်းများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တပတ်နီးပါးကြာသည်အထိ ကောင်းမွန်မှု မရှိသေးခြင်း ဖြစ်သည်။
“အင်တာနက်က လုံးဝကို သုံးလို့မရသေးဘူး ပြောရမယ်။ လိုင်းက တက်လိုက်ကျလိုက်နဲ့ ဘာမှလုပ်မရဘူး။ ကိုယ်ယူထားတဲ့ ၀ိုင်ဖိုင်ကြောင့်ဖြစ်တာလားဆိုတော့ ကိုယ်တစ်ခုတည်း မဟုတ်ဘူး။ လိုင်းတိုင်းနီးပါး လောက်ဖြစ်နေတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ပင်လယ်ရေအောက်ရှိ အင်တာနက် မိန်းကေဘယ်လ်ကြိုးများ ပြတ်တောက်မှုကြောင့် ၀ိုင်ဖိုင်အင်တာနက်များ အသုံးပြုမရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် Backup Link များဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးနေသဖြင့် လိုင်းအတက်အကျမမှန်ခြင်း၊ လိုင်းနှေးကွေးခြင်း၊ ချိတ်ဆက်မှုမတည်ငြိမ်ခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီအချို့က ထုတ်ပြန်ထားသည်။
“ကုမ္ပဏီတွေက အင်တာနက်လိုင်းသာ မမှန်တာ။ ဘေလ်ကောက်ဖို့ဆိုရင်တော့ အချိန်မှန်တယ်။ လိုင်းမတက်တဲ့ နေ့တွေအတွက် အစားထိုး ဘာပြန်လုပ်ပေးမလဲဆိုတာ သေချာမသိရသေးဘူး။ လောလောဆယ်တော့ ဖုန်းထဲကို အင်တာနက်ဘေလ်ဆောင်ဖို့ မက်ဆေ့ကတော့ ရောက်နေပြီ” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အင်တာနက်ဝန်ဆောင်မှုများကို အမြန်ဆုံးပြန်လည်ရရှိရန် ဆောင်ရွက်နေပြီး နည်းပညာဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဝန်ဆောင်မှု နှောင့်နှေးမှုများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အင်တာနက် ပြတ်တောက်သွားသည့် ရက်များအတွက် အစားထိုးဝန်ဆောင်မှုများပေးမည်ဖြစ်သကဲ့သို့ လျှော့ပေါ့သက်သာခွင့်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင်း အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအချို့က ထုတ်ပြန်ကြေညာထားသည်။















