■ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဟု မလေးရှားသတင်းဌာန အချို့ဖော်ပြ

■ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဟု မလေးရှားသတင်းဌာန အချို့ဖော်ပြ
Published 20 October 2025

လေးရှားနိုင်ငံတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း မလေးရှားသတင်းဌာန News Straits Times ၏ ဖော်ပြမှုအရ သိရသည်။

ပူးပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်ထိ ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှခေါင်းဆောင်များနှင့် အာဆီယံ ဆွေး​​နွေးဖက်နိုင်ငံများဖြစ်သည့် အ​​မေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်အချို့ တက်ရောက်မည်ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးသည် အာဆီယံ အဖွဲ့၏သမိုင်းတွင် အကြီးမားဆုံး ဆွေးနွေးပွဲတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

ထို့ပြင် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံဆွေးနွေးဖက် နိုင်ငံအသစ်များအဖြစ် ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံ သမ္မတများတက်ရောက်မည်ဖြစ်ပြီး ဆိုက်ပရပ်စ်နှင့် ဖင်လန်နိုင်ငံတို့သည်လည်း အာဆီယံ၏ အပြည့်အဝ တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်များ ဖြစ်လာမည်ဖြစ်သည်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ​​ဝေးသို့ ကနေဒါဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ ဆိုက်ပရပ်စ် သမ္မတ၊ ဖင်လန် ဝန်ကြီးချုပ်တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင်ပင်း တက်ရောက်မှုကို အတည်မပြုနိုင်သေးဟု ဆိုသည်။

ထို့အတူ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ​​ဝေးတွင် တီမောလက်စ်တီနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဝင်ရောက်မည်ဖြစ်ပြီး ယင်းသည် အာဆီယံအစုအဖွဲ့၏ တိုးချဲ့မှုကို ခိုင်မာစေမည်ဖြစ်သည်။

(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအပြီးတွင်  အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

မြန်မာတပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်တွင် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ထိုစဉ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတာဝန်ဖြင့်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တစ်ကြိမ်တက်ရောက်ခဲ့ကာ ယင်းအစည်းအဝေးတွင် အာဆီယံက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့သည်။

ထို့​​နောက် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်မှု အားနည်းသည်ဟုဆိုကာ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် အာဆီယံက မြန်မာခေါင်းဆောင်များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။

ထိုသို့ ကန့်သတ်မှုအပေါ်  မြန်မာဘက်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်စေလွှတ်ရန် ငြင်းဆန်ခဲ့ပြီး  ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် လာအိုနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် အာဆီယံ ထိပ်သီ၏းအစည်းအဝေးများတာဝန်ယူကျင်းပချိန်မှသာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်အား စေလွှတ်၍ အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပြန်လည်ပါဝင်တက်ရောက်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သော ငလျင်ဖြစ်ပွားပြီးနောက်၌ ငလျင်ဘေးသင့်ရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးကို မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခွင့်ပြုခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံငလျင်ဘေးအကူအညီပေးရေး အပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်များဆွေး​​နွေးရန်ခေါင်းစဉ်ဖြင့်   မလေးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Haji Hasan နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa တို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်တွင် နေပြည်တော်သို့လာရောက်ခဲ့ပြီး ထိုစဉ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ​​တွေ့ဆုံ​​ဆွေးနွေးခဲ့သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ရယူထားစဉ် ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

လက်ရှိတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင်  မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan သည် မြန်မာနိုင်ငံသို့လာရောက်ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

Most Read

Most Recent