■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ဦး ဖမ်းဆီးခံရ

■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ဦး ဖမ်းဆီးခံရ
Published 20 October 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ထောင်ဖာဖွန်မြို့နယ်၊ ထာ့ခနွန် (ရပ်ကွက်) အမှတ် (၅) ဘန်ဟင်လမ်ကျေးရွာအနီးရှိ တောအုပ်အတွင်းမှ အဆိုပါအထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသားများတွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦး၊ အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ယောက်ျားလေး ရှစ်ဦးနှင့် မိန်းကလေး သုံးဦး ပါဝင်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသားများအား ထိုင်းအာဏာပိုင်များမှ စကားပြန်မှတဆင့် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့မှာ ထိုင်းနိုင်နှင့် မလေးရှားနိုင်ငံများအတွင်း အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းရှိ စံခလဘူရီမြို့နယ်အတွင်းသို့ တောလမ်းများမှ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုမှ ထောင်ဖာဖွနမြို့နယ်အတွင်းသို့ လှေများဖြင့် ခရီးဆက်ခဲ့ကြရပြီးနောက် ကန်ချနဘူရီမြို့နယ်သို့ သွားရောက်ရန် ကားများအား စောင့်ဆိုင်းနေစဉ်  ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြေင်းကို ထွက်ဆိုချက်များ ပေးထားကြသည်။

ထို့အပြင် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ ဘတ်မှ ၂၄၀၀၀၀ ဘတ်အထိ ပေးချေထားကြရကြောင်းကိုလည်း ထွက်ဆိုချက်ပေးထားကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားချက်များအရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထောင်ဖာဖွန်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်းနှင့် ထိုင်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြထားသည်။

ယခုအောက်တိုဘာလတွင်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း ထောက်အထားမဲ့မြန်မာနိုင်ငံသား ၃၂၀ ကျော် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent