■ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေနှင့် မိမိတို့ အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်သယ်ပိုးနိုင်သည့် မိမိလူမျိုး မိမိဒေသအပေါ် အလေးထားမည့်ပုဂ္ဂိုလ်များကို ရွေးချယ်သွားနိုင်မည်ဟု ဆို
ရွေးကောက်ပွဲကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင်ပေးကြရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန- ၁ ၌ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော် နိုင်ငံတော်တာဝန်ယူချိန်ကတည်းက အခက်အခဲများစွာကြားကပဲ ဦးစားပေးလုပ်ဆောင်ရမယ့်တာဝန်တွေကို အဆင့်လိုက်ချမှတ်ပြီး ကြိုးစားအကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်။ တိုင်းရင်းသားများရဲ့ ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့အတွက် လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူမျိုးစုအလိုက် လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး စုပေါင်းဆုံးဖြတ် အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံတော်တည်ငြိမ်အေးချမ်းစွာနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပေးတော့မည်ဖြစ်ပြီး ရေရးကောက်ပွဲ ရလဒ်များအရ ပေါ်ထွက်လာသည့် အစိုးရကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က " ယခုကျင်းပမယ့် ရွေးကောက်ပွဲစနစ်မှာ ပြည်သူ့လွှတ်တော် တစ်ခုတည်းမှာသာ FPTP စနစ်ကို အသုံးပြုမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်တို့မှာ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (Mix Member Proportional System-MMP) ကို အသုံးပြုမှာ ဖြစ်ပါတယ်။ MMP စနစ်ကို အသုံးပြုခြင်းအားဖြင့် ပါတီငယ်များနဲ့ တိုင်းရင်းသားပါတီတွေဟာ အချိုးကျ ကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်လောင်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။ FPTP စနစ် တစ်မျိုးတည်းကို အသုံးပြုမယ်ဆိုရင် နိုင်သူအကုန်ယူဆိုတဲ့အတိုင်း ကိုယ်စားလှယ်နေရာ အများစုကို မဲအများဆုံးရရှိတဲ့ ပါတီကြီးတွေက ရယူသွားမှာဖြစ်ပြီး လွှတ်တော်ထဲမှာ ပါတီကြီးတွေကသာ ကြီးစိုးသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။
PR စနစ်နှင့် ထိန်းညှိခြင်းဖြင့် တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များအနေနှင့် ၎င်းတို့ရရှိသည် မဲများ အလဟဿမဖြစ်ဘဲ အချိုးကျကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ် နေရာများရရှိပြီး လွှတ်တော်နေရာများကို ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
"တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေနဲ့ မိမိတို့ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်သယ်ပိုးနိုင်တဲ့၊ မိမိလူမျိုး မိမိဒေသအပေါ် အလေးထားမယ့်ပုဂ္ဂိုလ်တွေကို ရွေးချယ် သွားနိုင်မှာဖြစ်ပါတယ်။ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်မဲပေးတဲ့ ဓလေ့ကို ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူကြဖို့ ပြောလိုပါတယ်"ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ မိမိတို့နိုင်ငံ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရာတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနှင့် ဒီမိုကရေစီ၏ ကျင့်စဉ်အရ အနည်းစု၏ ဆန္ဒကို လေးစားတန်ဖိုးထားရမည်ဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ရန်၊ ဒီမိုကရေစီစနစ် မယိုင်လဲစေရန်အတွက် ဒီမိုကရေစီစိတ်မွေးရန်၊ စည်းကမ်းစနစ်ကျနသည့် ဥပဒေကို လေးစားတန်ဖိုးထားလိုက်နာသည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရန် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က " ဒီမိုကရေစီဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိမှာဖြစ်သော်လည်း မသုံးတတ်ပါက ယင်းစနစ်မအောင်မြင်တဲ့အပြင် မိမိနိုင်ငံရဲ့ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုအားလုံးက အသိတရား၊ သတိတရားများနဲ့ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
အလားတူ တိုင်းရင်းသားပြည်သူအားလုံး လိုလားနေသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင်လည်း ဖက်ဒရယ်စနစ်၏ သဘောတရားဖြစ်သော မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနှင့် လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းတို့နှင့်အညီ တိုင်းရင်းသား ပြည်သူလူထု၏အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကို ရေရှည်ကြည့်ပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်ပုံစံကို တည်ဆောက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် တိုင်းရင်းသား အခွင့်အရေးများ၊ နိုင်ငံရေးအရ တောင်းဆိုမှုများအရ ပြင်ဆင်ရန် လိုအပ်သည်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်ခိုင်မာမာရပ်တည်ပြီး မမှိတ်မသုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။















