အဏုမြူစွမ်းအင် အသုံးပြုနိုင်ရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံသည့်နေရာများ ဆက်လက်ပြီး ရွေးချယ်သွားရန်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို့ သွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ်များမှ နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ခရီးစဉ်အတွင်း Nuclear စွမ်းအင်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းများရှိခဲ့ခြင်းကြောင့် မြန်မာပြည်၏ လျှပ်စစ်ဓာတ်အားတိုးတက်ရေးအတွက် အသေးစား Nuclear စက်ရုံတည်ဆောက်ရန် စီစဉ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
" ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိတယ်။ ယခင်နှစ်ကတည်းကတိုင် MOU ပေါ့ဗျာ။ ထပ်လောင်းပြီးတော့ ရေးထိုးခဲ့တာ ရှိတယ်။ အဓိကကတော့ ကျွန်တော်တို့က ပထမဦးဆုံး အဏုမြူစွမ်းအင် အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိတယ်။ အခုလည်း ရန်ကုန်မှာ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ဟိုမှာ Atomic Week Forum လုပ်နေတဲ့အချိန်မှာပဲ ရန်ကုန်မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာမျိုး ရှိတယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက အဏုမြူစွမ်းအင်ဆိုတာက လုံခြုံမှုရှိတဲ့စွမ်းအင်ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုတာသည် တည်ငြိမ်တဲ့ လျှပ်စစ်ကို ပေးနိုင်တဲ့ စွမ်းအင်မျိုးဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ တိုးတက်ရန်အတွက် လျှပ်စစ်စွမ်းအား လိုအပ်ချက် မည်မျှရှိသည်ကို အားလုံး သိရှိမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအား လိုအပ်သည့်နေရာ၌ တည်ငြိမ်သည့်စွမ်းအင် ရရှိရန်လည်း အရေးကြီးကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက " ဆိုလာကနေ လျှပ်စစ်ရမယ်။ လေကနေ လျှပ်စစ်ရမယ်။ ပြီးရင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ စက်တွေကနေ လျှပ်စစ်စွမ်းအင်တွေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အမျိုးစုံပေါင်းပြီးတော့ ဆောင်ရွက်ရတာဖြစ်တယ်။ ဥပမာ ဆိုလာလျှပ်စစ်စွမ်းအင်ဆိုရင် ညဘက်မှာ မရနိုင်တော့ဘူး။ Wind Power လေစွမ်းအင်ဆိုတာလည်း လေတိုက်ခိုက်မှု လျော့နည်းတဲ့အချိန်မှာ မရနိုင်တော့ဘူး။ ဒီအချိန်မှာ နိုင်ငံ တစ်နိုင်ငံလုံးမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်တွေ အားလုံးက အသုံးပြုပြီးတော့ လိုတဲ့ စွမ်းအင်ကို ဒီဘက်စွမ်းအင်က ဖြည့်မယ်။ ဟိုဘက်ကလိုတဲ့ စွမ်းအင်ကို ဒီဘက်ကနေ ဖြည့်မယ်ဆိုတဲ့ဟာမျိုးတွေ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစွမ်းအင်သည်လည်း အစပိုင်း ရင်းနှီးမြှုပ်နှံမှုက ကြီးကောင်း ကြီးမယ်။ နောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရစေနိုင်တယ်။ ဒါကတော့ လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်တဲ့ အပိုင်းပါ။ နံပါတ်နှစ်အပိုင်းကတော့ ဒီဟာကိုဆောင် ရွက်တဲ့နေရာမှာ Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိတွေ့လာမယ်" ဟု ပြောကြားသည်။
Nuclear စွမ်းအင်နှင့် ပတ်သက်ပြီး သုတေသနပြုမှုများ၊ ဆေးဝါးဆိုင်ရာသုတေသနအပြင် ကျန်ရှိသည့် သုတေသနများ အားလုံးတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက်ကြောင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်ရမည့် စွမ်းအင်တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
"ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ROSATOM ကနေ ကြီးမှူးပြီး ကျင်းပတဲ့ ကမ္ဘာ့အဏုမြူ ရက်သတ္တပတ်ပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဖိုရမ်ကြီးကို တက်ရောက်တာဖြစ်တယ်။ ပြီးရင် ရုရှားသမ္မတ H.E. Vladimir Vladimirovich Putin နဲ့ တွေ့ခဲ့တယ်။ အဲ့ဒီမှာ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လာရောက်ပြီးတော့ World Atomic Forum ကို တက်ရောက်တာဖြစ်တယ်။ တက်ရောက်တဲ့အခါမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးပြုနိုင်ဖို့၊ အဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး နိုင်ငံတိုင်းက ငြိမ်းချမ်းစွာနဲ့ ပြည်သူလူထု အကျိုးအတွက် အသုံးပြုနိုင်ဖို့အတွက်ကို ကျွန်တော်တို့ ဆွေးနွေးခဲ့တာရှိပါတယ်။ ဆွေးနွေးခဲ့တဲ့နေရာမှာ တက်ရောက်တဲ့နိုင်ငံတွေရဲ့ အမြင်သဘောထားတွေကိုလည်း နားထောင်ခဲ့ရတယ်။ နိုင်ငံတော်ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းလည်း ပြောခဲ့ရတယ်။ ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းနဲ့ မြန်မာနိုင်ငံရဲ့သဘောထားလည်း ပြောခဲ့ရတယ်။ ဒီထဲမှာ အနှစ်ချုပ်ပြောရရင် မြန်မာနိုင်ငံရဲ့ သဘောထားကတော့ အဏုမြူစွမ်းအင်ကို အသုံးပြုခြင်းရဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ စွမ်းအင်ပေါ့လေ၊ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင်တစ်ခုရရှိဖို့၊ ပြီးရင် ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေးဘက်ဆိုင်ရာ သုတေသနတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
အဏုမြူစွမ်းအင်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံ၏ အဏုမြူစွမ်းအင်အေဂျင်စီဖြစ်သည့် ROSATOM နှင့်လည်း သဘောတူလက်မှတ် တွေရေးထိုးခဲ့ရခြင်း ရှိခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အရှေ့တောင်အာရှ၌ ယုံကြည်စိတ်ချရဆုံး မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် အမြဲတမ်း အမှတ်ပြုနေသည့်အကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ရုရှားနိုင်ငံကို မဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုအနေနှင့် အသိအမှတ်ပြုပြီး ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားမည့်အကြောင်းအရင်းများ၊ နည်းပညာဖလှယ်မှုများ၊ အာကာသဆိုင်ရာနည်းပညာ၊ အဏုမြူစွမ်းအင်ဆိုင်ရာ နည်းပညာ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် နည်းပညာဖလှယ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးနိုင်ခဲ့သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။















