ရွေးကောက်ပွဲတွင်ဒေသခံပြည်သူများ၏  လွတ်လပ်သောဆန္ဒဖြင့်  ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်

ရွေးကောက်ပွဲတွင်ဒေသခံပြည်သူများ၏  လွတ်လပ်သောဆန္ဒဖြင့်  ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်
Published 29 September 2025

ဒေသခံပြည်သူများ၏  လွတ်လပ်သောဆန္ဒဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင်သုံးဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာပူးတွဲသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်သည်။ 

ကရင်ပြည်နယ်ဒေသခံ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်တွင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အမှတ်(၂)တပ်နယ် ဌာနချုပ်တွင် ကျင်းပခဲ့ရာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) (BGF) နှင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)အဖွဲ့တို့မှ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ်နှင့်ပြည်သူလူထုတို့၏ အနာဂတ်အတွက် လေးနက်စွာ တွေ့ဆုံဆွေးနွေးခဲ့ကာ ထိုသို့ သ​​ဘောထားထုတ်ပြန်ခြင်းဖြစ်​ကြောင်း သိရသည်။ 

ကရင်ပြည်နယ်၏ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေအရပ်ရပ်အပေါ် လေ့လာသုံးသပ်ကြလျက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခပေါင်းစုံကို ဖြေရှင်းနိုင်မည့် ဒီမိုကရေစီ နည်းလမ်းကျသော ပြည်သူ့ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းစေလျက် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖေါ်ဆောင်နိုင်မည့်အပြင် ကရင်ပြည်နယ်နှင့်ပြည်သူများ၏ဘ၀ကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီး ပေးနိုင်မည်ဟု သုံးသပ်ဆွေးနွေးယူဆကြ​ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ 

အဆိုပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒပြုကြမည့် ဒေသခံပြည်သူများ၏ လွတ်လပ် သောသဘောဆန္ဒအရ ပူးပေါင်းပါဝင်နိုင်မှုကို အလေးထားအသိအမှတ်ပြုကာ ဒီမိုကရေစီစံချိန်စံညွှန်းများကို လေးစား တန်ဖိုးထားလျက် လွတ်လပ်သောဆန္ဒဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ပြည်သူတို့၏ တည်ငြိမ်အေးချမ်းသောဘ၀ကို ဖေါ်ဆောင်နိုင်စေရေးအတွက် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲသဘောထား ထုတ်ပြန်​ကြောင်း ​​ဖော်ပြပါရှိသည်။

■ Photo.BGF

Most Read

Most Recent