ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည့် အားကောင်းသော အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် စက်တင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ အပူပိုင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၉ ရက်ညနေပိုင်းတွင် လာအိုနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အဆိုပါအားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် စက်တင်ဘာ ၂၉ ရက်ညနေပိုင်းမှ အောက်တိုဘာ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
ယင်းအတွက်ကြေင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ရန် မိုးဇလက အသိပေးထားကြောင်း သိရသည်။















