ထိုင်းတော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံက နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ဒဏ်ကြောင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင် မွမ်းမံစဉ်ကာလတွင် တက္ကသိုလ်၏ ပညာရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ ပရင်တာများ၊ လေအေးပေးစက်များ၊ မိတ္တူကူးစက်များနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitstump နှင့် သံရုံးတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပညာရေးဆိုသည်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အင်အားပြင်းငလျင်ဒဏ်ကြောင့် စိုက်ပျိုးရေးတက္ကသိုလ်၏ ပညာရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ကမ်းလှမ်းပေးခဲ့သည့် ထိုင်းနိုင်ငံသံရုံးနှင့် တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံအား အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ တာဝန်ရှိသူများက သင်ကြားရေးသုံးပစ္စည်းကိရိယာများ ပေးအပ်ရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူပြီး ပါမောက္ခချုပ်က ထိုင်းနိုင်ငံတော်ဝင်မင်းသမီးကြီးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
Photo . ထိုင်းသံရုံး















