လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၁၀၁၈ ဦးဖြင့် အများဆုံး တင်သွင်းထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် စက်တင်ဘာ ၂၂ ရက်အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြရာ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၉၆၃ ဦး အမည်စာရင်း တင်သွင်းခဲ့ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ယနေ့(စက်တင်ဘာ ၂၃ ရက်)တွင် သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ (၆) ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်အတွက် ၂၆၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၅၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၅၆၉ ဦး၊ တိုင်းရင်းသားလူမျိုးများမဲဆန္ဒနယ်အတွက် ၂၈ ဦစ၊ စုစုပေါင်း ၁၀၁၈ ဦး ဖြင့် အများဆုံး တင်သွင်းထားပြီး ဒုတိယနေရာတွင် ပြည်သူ့လွှတ်တော်အတွက် ၁၈၂ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၁၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၃၈၇ ဦး၊ တိုင်းရင်းသားလူမျိုးများမဲဆန္ဒနယ်အတွက် ၁၄ ဦး၊ စုစုပေါင်း ၆၉၄ ဦးဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ က ရပ်တည်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည် ပြည်သူ့လွှတ်တော်အတွက် ၁၉၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၄၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၃၂၀ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၁၄ ဦး၊ စုစုပေါင်း ၆၇၂ ဦးဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း၊ စတုတ္ထနေရာတွင် ပြည်သူ့လွှတ်တော်အတွက် ၁၂၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၅၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၂၄၃ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၅ ဦး၊ စုစုပေါင်း ၄၂၈ ဦးဖြင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပဥ္စမနေရာတွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ပြည်သူ့လွှတ်တော်အတွက် ၁၅၉ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၃၄၁ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၈ ဦး၊ စုစုပေါင်း ၅၈၄ ဦးဖြင့် ရပ်တည်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြည်သူ့ပါတီ သည် ပြည်သူ့လွှတ်တော်အတွက် ၁၅၂ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၂၇၈ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၉ ဦး၊ စုစုပေါင်း ၅၁၂ ဦးဖြင့် ဆဋ္ဌမနေရာတွင်ရပ်တည်လျက်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီ အနေဖြင့် ပြည်သူ့လွှတ်တော်အတွက် ၂၀၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂၁၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် အတွက် ၅၂၅ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၁၉ ဦး၊ စုစုပေါင်း ၉၆၀ ဦး၊ တစ်သီးပုဂ္ဂလ များအနေဖြင့် ပြည်သူ့လွှတ်တော်အတွက် ၅၁ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အတွက် ၃၃ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၈ ဦး၊ စုစုပေါင်း ၉၅ ဦး တင်သွင်းထားကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။















