မြောက်ကိုရီးယားသည် နိုင်ငံခြား ရုပ်သံဒရာမာဇာတ်ကားများ မျှဝေနေသူများကို စီရင်ကွပ်မျက်ခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မြောက်ကိုရီးယားပြည်သူများအပေါ် ချုပ်ကိုင်မှုကို တင်းကျပ်ခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၇၀ ကြာ အာဏာကို အလုံးစုံချုပ်ကိုင်ထားသည့် ကင်မိသားစုအောက်တွင် ဆင်းရဲဒုက္ခများ၊ ဖိနှိပ်မှုများနှင့် အကြောက်တရားများ မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
"ဒီနေ့ခေတ်ကမ္ဘာမှာ အခြားနိုင်ငံတွေမှာနေထိုင်တဲ့လူတွေဟာ အဲဒီလို တားမြစ်ကန့်သတ်မှုတွေကို မကြုံဖူးကြပါဘူး" ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် မြောက်ကိုရီးယားနိုင်ငံအတွှုးမှ ထွက်ပြေးလာခဲ့သည့် မျက်မြင်များနှင့် နစ်နာသူ ၃၀၀ ကျော်ကို အင်တာဗျူးပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားတွင် လွတ်လပ်ခွင့်များ ဆုတ်ယုတ်လျော့ပါးလာကြောင်း ပြောကြားခဲ့သည်။
"လူထုရဲ့ မျက်စိတွေ၊ နားတွေကို ပိတ်ဖို့အတွက် သူတို့ဟာ ဖိနှိပ်မှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။ သဘောထားချင်းမတိုက်ဆိုင်မှု ဒါမှမဟုတ် မကျေနပ်မှု အနည်းငယ်သာ ရှိခဲ့ရင်တောင်မှပဲ နှိမ်နင်းပစ်ဖို့ ရည်ရွယ်ထိန်းချုပ်တဲ့ပုံစံဖြစ်ပါတယ်" ဟု မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားတွင် COVID019 ကပ်ရောဂါကာလက တားမြစ်ကန့်သတ်ချက်များကို တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း သာမန်ရာဇဝတ်မှုနှင့် နိုင်ငံရေးပြစ်မှုများအတွ့် စီရင်ကွပ်မျက်မှုများ လုပ်ဆောင်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး၏ အကြီးအကဲ ဂျိမ်းစ် ဟီနန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ လူကြိုက်များသည့် K-Drama ရုပ်ရှင်များအပါအဝင် နိုင်ငံခြား ရုပ်သံဇာတ်လမ်းတွဲများကို ဖြန့်ချိမှုအတွက် သေဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ်အောက်တွင် စီရင်ကွပ်မျက်ခံရသူများ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း မြောက်ကိုရီးယားပြည်သူများ၏ နေထိုင်မှုဘ၀ကို ထိန်းချုပ်ရန်အတွက် ခေတ်မီနည်းပညာများမှတစ်ဆင့် စောင့်ကြည့်ရေးစနစ်များကို ချဲ့ထွင်ခြင်းအားဖြင့် နှိမ်နင်းမှုကို အထောက်အကူဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ကလေးများသည်လည်း ကျောက်မီးသွေးတွင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကဲ့သို့ အလုပ်ကြမ်းများအပါအဝင် အတင်းအဓမ္မ အလုပ်စေခိုင်းခြင်းခံခဲ့ရကြောင်း ဟီနန်က ပြောကြားခဲ့သည်။
"ဆင်းရဲတဲ့ မိသားစုတွေရဲ့ ကလေးတွေကများပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လာဘ်မထိုးနိုင်လို့ပါ။ အဲဒီအလုပ်ကြမ်းတွေဟာ ကလေးတွေအတွက် အရမ်းကို အန္တရာယ်များတဲ့ အလုပ်တွေဖြစ်ပါတယ်" ဟု ဟီနန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယားတွင် အတင်းအဓမ္မအလုပ်စေခိုင်းခံရမှုသည် လူသားမျိုးနွယ်အားဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် တူညီနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ အကျဉ်းစခန်းများတွင် အကျဉ်းသားပေါင်း ၈၀၀၀၀ မှ ၁၂၀၀၀၀ ကြားရှိသည့် အကျဉ်းစခန်းများတွင် စီရင်ကွပ်မျက်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ ညှင်းပန်းနှိပ်စက်မှု၊ ရည်ရွယ်ချက်ရှိရှိ အငတ်ထားမှုများနှင့် ထိန်းသိမ်းမှုများကို မှတ်တမ်းတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုကျော်အကြာတွင် ကုလသမဂ္ဂ၏ ယခုထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယခုထုတ်ပြန်ချက်တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်းက မြောက်ကိုရီးယား၏ အခြေအနေများ လွှမ်းခြုံပါဝင်ခဲ့ပြီး အစိုးရသည် ဖိနှိပ်မှုများအတွက် တရားရေးမူဘောင်တစ်ခု ထောက်ပံ့ရန်အတွက် ဥပဒေသစ်မျာ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
"တကယ်လို့ မြောက်ကိုရီးယားသာ အခုလိုနှုန်းထားမျိုးနဲ့ ဆက်သွားနေမယ်ဆိုရင် လူထုဟာ ပိုပြီးဆင်းရဲဒုက္ခရောက်တာ၊ ကြမ်းကြုတ်စွာဖိနှိပ်ခံရတာ၊ အကြောက်တရားတွေ ပိုရှိလာပါလိမ့်မယ်" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာ တာ့ခ်က ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်တပ်သက်ပြီး မြောက်ကိုရီးယား၏ ဂျီနီဗာဆိုင်ရာ သံတမန်အဖွဲ့နှင့် လန်ဒန်မြို့ရှိ မြောက်ကိုရီးယားသံရုံးတို့က မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
■ Ref :Aljazeera
■ Photo: AFP















