ပတ်ဝန်းကျင်က တိုင်ကြားမှုကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အော် ပရာစီဖြင့် ဝင်ရောက်ဖမ်းဆီးရာ မြန်မာ ၆၉ ဦးအပါအဝင် အထောက်အထားမပြည့့်စုံသူ ပြည်ပနိုင်ငံသား ၁၂၅ ဦးဖမ်းဆီးခံရကြောင်း သိရသည်။
စက်တင်ဘာ ၁၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Danau kota၊ Setapak တွင် အော်ပရာစီဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ယင်းသို့ ဖမ်းဆီးစစ်ဆေးမှုတွင် အထောက်အထားမပြည့်စုံသူ ပြည်ပနိုင်ငံသား ၁၂၅ ဦး ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်ပနိုင်ငံသားများမှာ မြန်မာ ၆၉ ဦး၊ အိန္ဒိယ ၂၅ ဦး၊ ပါကစ္စတန် ၁၄ ဦး၊ အင်ဒိုနီးရှား ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ် ငါးဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများမှာ တိုက်ခန်းတွဲများတွင် နေထိုင်သူများဖြစ်ပြီး မလေးရှားအာဏာပိုင်များက တံခါးများကို ချိုးဖျက်ကာ အခန်းများအတွင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“အခုက မလေးရှားမှာ နေထိုင်ရတာ တော်တော်ကြပ်လာပြီ။ အော်ပရာစီကနေရာ တိုင်းမှာ ရှိနေတယ်။ ပတ်ဝန်းကျင်ကလည်း တိုင်တာတွေ တော်တော်များလာတယ်” ဟု မလေးရှားတွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်ကလည်း မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တန်း တစ်ခုတွင် အော်ပရာစီ စီမံချက်တစ်ခုအတွင်း မြန်မာနိုင်ငံသား ၄၁ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်သည်။
ယင်းကြောင့် နှစ်ရက်တာကာလအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ပူချွန်းရှိ စားသောက်ဆိုင်တန်းကို စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲအတွင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းစစ်ဆေးမှုတွင် အရာရှိ ၉၅ ဦးပါဝင်ပြီး ပြည်ပနိုင်ငံသား ၆၀ နှင့် ပြည်တွင်းနိုင်ငံသား ၂၇၄ ဦးကို စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးနှင့် ငြိစွန်းနေသည့် နိုင်ငံခြားသား ၅၅ ဦးကို ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံသား ၄၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ခုနစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦး၊ ပါကစ္စတန်နိုင်ငံသားတစ်ဦးနှင့် အသက် ၂၃ နှစ်မှ ၄၇ နှစ်ကြား ဗီယက်နမ်နိုင်ငံသား သုံးဦးတို့ဖြစ်ကာ ဖမ်းဆီးရမိသူများကို Beranang လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်သည်။
စစ်ဆေးတွေ့ရှိရသည့် ပြစ်မှုများမှာ အထောက်အထား စာရွက်စာတမ်းမရှိခြင်း၊ နိုင်ငံကူးလက်မှတ် သတ်မှတ်ချက်များကို ချိုး ဖောက်ခြင်း၊ အချိန်ပိုနေထိုင်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ အရ အခြားချိုးဖောက်မှုများ ပါဝင်ကြောင်း သိရသည်။
အလားတူ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ဖွင့်လှစ်ထားသည့် ကာရာအိုကေဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်းဆီးရမိသည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
မလေးရှားနိုင်ငံ၊ နီဂရီဆမ်ဘီလန်ပြည်နယ်၊ နီလိုင်းရှိ မြန်မာနိုင်ငံသားဖွင့်လှစ်ထားသည့် အဆိုပါကာရာအိုကေဆိုင်ကို မလေးရှားအာဏာပိုင်များက စက်တင်ဘာ ၆ ရက် သန်းခေါင်ယံအချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖျော်ဖြေရေးစင်တာကို ဖမ်းဆီးရန် နှစ်ပတ်ခန့် အချိန်ယူခဲ့ရပြီး ယင်းကာရာ အိုကေဆိုင်ကို စီမံခန့်ခွဲသူ အမျိုးသမီးတစ်ဦးနှင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးဦးရေ ၂၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။















