နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့နည်းပြ နူနိုဆန်တိုဟာ ရာထူးက ထုတ်ပယ်ခံရနိုင်ကြောင်း သတင်းထွက်လာပါတယ်။
ပေါ်တူဂီနည်းပြ နူနိုဆန်တိုဟာ ၂၀၂၃ ဒီဇင်ဘာမှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အဲဒီရာသီမှာ တန်းဆင်းဇုန်က လွတ်ြမောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၇)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့ လက်ရှိအချိန်မှာ အသင်းပိုင်ရှင်နဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် ရာထူးက ထုတ်ပယ်ခံရနိုင်ကြောင်း သတင်းထွက်လာတာပါ။
အသင်းကို ဖွဲ့စည်းတည်ဆောက်မှုနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေတာဖြစ်ကြောင်း သိရပြီး အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီလို့လည်း သတင်းထွက်နေပါတယ်။
အသင်းက ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ပေးနေပေမဲ့ ဘယ်သူတွေကို ထပ်ခေါ်ပြီး ဘယ်သူတွေကို ရောင်းထုတ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် နူနိုဆန်တိုက အသင်းတာဝန်ရှိသူတွေကို အပြစ်တင်နေကြောင်းလည်း သိရပါတယ်။















