ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာဘက်သို့ ဝင်ရောက်မည့် ကုန်တင်ကား အစီး ၅၀၀ ခန့် ပိတ်မိနေသည်ဟု ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။
မြန်မာအစိုးရက ကုန်စည်ပို့ဆောင်မှုကို တင်းကြပ်စွာ ချမှတ်ထားသောကြောင့် ထိုင်းနိုင်ငံဘက်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ဝင်ရောက်မည့် ကုန်တင် ဆယ်ဘီးကား ၅၀၀ ခန့် ပိတ်မိနေခြင်းဟုသတင်းတွင် ဖော်ပြသည်။
အဆိုပါ ကုန်တင်ကားများမှာ တာ့ခ်ခရိုင် မဲဆောက်- မြဝတီ အမှတ် ၂ နယ်စပ်ဂိတ်တွင် ပိတ်မိနေခြင်းဖြစ်သည်ဟု ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။
သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများ ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကိုဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။















