ရုပ်ရှင်အစည်းအရုံးဝင် သို့မဟုတ် လျှောက်ထားဆဲသူများသာ ဇာတ်ကားရိုက်ကူးခွင့်နှင့် ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက်ပေးမည်ဟု ရုပ်ရှင်အစည်းအရုံးကြေညာ

ရုပ်ရှင်အစည်းအရုံးဝင် သို့မဟုတ် လျှောက်ထားဆဲသူများသာ ဇာတ်ကားရိုက်ကူးခွင့်နှင့် ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက်ပေးမည်ဟု ရုပ်ရှင်အစည်းအရုံးကြေညာ
Published 9 August 2025

ရုပ်ရှင်အစည်းအရုံးဝင် သို့မဟုတ် လျှောက်ထားဆဲသူများသာ ဇာတ်ကားရိုက်ကူးခွင့်နှင့် ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက်ပေးမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ် ၈ ရက်တွင် ကြေညာသည်။

အောက်တိုဘာ ၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် သို့မဟုတ် အစည်းအရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက်ပေးမည်ဖြစ်ကြောင်း ကြိုတင်အသိပေးသည်ဟု ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်သည်။

၁၉၉၆ ရုပ်ရှင်ဥပဒေပါ ပြဌာန်းချက်များအရ ရုပ်ရှင်နှင့် ဆက်စပ်သောလုပ်ငန်းလိုင်စင်များ လျှောက်ထားပါက ထောက်ခံချက်ပေးရခြင်း၊ အများပြည်သူသို့ ပြသမည့် ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်းတွဲ၊ တေးသီချင်းဗီဒီယို၊မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို အစရှိသည်တို့ကို ရိုက်ကူးခွင့်ပေးခြင်း၊ ဆင်ဆာကြည့်ရှုပေးပါရန် ဆင်ဆာအဖွဲ့သို့ ထောက်ခံတင်ပြခြင်းများကို နိုင်ငံတော်တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖွဲ့စည်းပုံ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်သည်။

သြဂုတ် ၈ ရက်ကလည်း ရုပ်ရှင်လောကသားများအနေဖြင့် လောင်းကစားကြော်ငြာနှင့် တရားမဝင် စီးပွားရေးကြော်ငြာများ မရိုက်ကူးရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သတိပေးချက်ထုတ်ပြန်ထားသည်။

ဥပဒေနှင့်မညီသည့် လောင်းကစား ကြော်ငြာများ၊ တရားမဝင်စီးပွားရေး ကြော်ငြာများကို အချို့သောရုပ်ရှင်လောကသားများမှာ သိ၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်း ရိုက်ကူးနေကြသည်ကိုလူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိနေရသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်သည်။

ယင်းသို့ ရိုက်ကူးနေခြင်းသည် ဥပဒေနှင့်ငြိစွန်းပါသဖြင့် အရေးယူခံရနိုင်သဖြင့် လုံးဝရိုက်ကူးခြင်းမပြုရန် အသိပေး၊ သတိပေးမေတ္တာရပ်ခံသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်သည်။

Most Read

Most Recent