သံလွင်မြစ်ရေတိုးနေသည့်အတွက်ကြောင့် ဘားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လူဦးရေထောင်နှင့်ချီကာ ရေဘေးရှောင်နေရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီအချိန်တိုင်းတာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၇၇၈) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး၊ ဇူလိုင် ၂၆ ရက် နံနက် (၆) နာရီအချိန်တိုင်တာချက်အရ (၈၅၀) စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက်ကြောင့် ဘားအံမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။
ထို့အခြေအနေကြောင့် ဘားအံမြို့အနိမ့်ပိုင်း ရပ်ကွက်များဖြစ်ကြသည့် ရပ်ကွက် (၁)၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၅) အပိုင်းများမှ ရေဘေးသင့်ပြည်သူများနှင့် မြစ်ကမ်းနားဘေး ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား အ.ထ.က (၁)၊ အ.ထ.က (၃) နှင့် မိုးလုံလေလုံအားကစားရုံများသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) မှ ကူညီပြောင်းရွေ့ပေးမှုများလုပ်ဆောင်နေကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မနေ့ ဇူလိုင်လ (၂၆) ရက်နေ့ညပိုင်းအထိကို ရေဘေးရှောင်ပြည်သူ (၄၀၀၀) ကျော်ရှိပါတယ်။ ဒီနေ့ (ဇူလိုင်လ (၂၇) ရက်) မှာလည်း မြစ်ရေကထပ်တိုးနေတော့ ရေဘေးရှောင်ပြည်သူတွေ ထပ်တိုးလာနိုင်ပါတယ်” ဟု ပြောကြားသည်။
အလားတူ သံလွင်မြစ်ကြောင်းတလျှောက် မြစ်ကမ်းဘေးဒေသအနှံ့အပြားတွေလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။
သံလွင်မြစ်ရေတိုးမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းအနောက်ဘက်ခြမ်း မြိုင်ကလေးဒေသများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများ နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဒေသများ၌ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှင့်အတူ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများမှ ရေဘေးလွတ်ရာသို့ကူညီရွေ့ပြောင်းမှုများ ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။
ယနေ့ ဇူလိုင် (၂၇) ရက် မွန်းလွဲ (၁) နာရီ (၃၀) မိနစ်အချိန်တိုင်းတာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၇၅၀) စင်တီမီတာ၏အထက် (၈၉၆) စင်တီမီတာသို့ ရောက်ရှိနေပြီး၊ မိုးရွာသွန်းမှုကြောင့် မြစ်ရေတိုးလာနိုင်သည့်အတွက်ကြောင့် မြစ်ကမ်းနားနေထိုင်ကြသူများ နှင့် အနိမ့်ပိုင်းတွေ နေထိုင်နေကြသူများ အားလုံး ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ကြရန် သက်ဆိုင်ရာက တိုက်တွန်းထားကြောင်း သိရသည်။
ဘိုဘိုမြင့်
Photo Credit - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)















