■ တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀) ပေးချေဖို့ နယူးကာဆယ်အသင်းကို အီဆက်ခ် တောင်းဆို 

■ တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀) ပေးချေဖို့ နယူးကာဆယ်အသင်းကို အီဆက်ခ် တောင်းဆို 
Photo: Getty Images
Photo: Getty Images
Published 23 July 2025

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဟာ သူ့ကို တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀) ပေးချေဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ talkSPORT  က ဖော်ပြခဲ့ပါတယ်။ 

အသက် (၂၅) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲမှာ (၂၇) ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးခဲ့တာပါ။ 

ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတို့က အခုနွေမှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ နယူးကာဆယ်အသင်းကတော့ အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ အီဆက်ခ်ကို အခုနွေမှာ ရောင်းချမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

အီဆက်ခ်ဟာ လက်ရှိမှာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀) ရရှိနေတယ်လို့ သိရပါတယ်။ 

နယူးကာဆယ်အသင်းက သူ့ကို ကလပ်စံချိန်တင်လစာအဖြစ် တစ်ပတ်လစာ ပေါင် (၂၀၀၀၀၀) အထိ ပေးချေဖို့ အသင့်ရှိနေပေမဲ့ အီဆက်ခ်ကတော့ တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀) အထိ ပေးချေဖို့ တောင်းဆိုထားတယ်လို့ talkSPORT က ဖော်ပြခဲ့တာပါ။ 

နယူးကာဆယ်အသင်းအနေနဲ့ အီဆက်ခ်ရဲ့ တောင်းဆိုချက်အတိုင်း စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် အသင်းရဲ့လစာစည်းမျဉ်းကို ချိုးဖောက်ရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

 

Most Read

Most Recent