တရုတ်နိုင်ငံသားတစ်ဦးက အမျိုးသမီးအသွင်ဖြင့် အမျိုးသား ၁၀၀၀ ကျော်ကို ဖြားယောင်းခေါ်အိပ်ခဲ့ပြီး ၎င်းတို့၏မဖွယ်မရာဗီဒီယိုများကို အွန်လိုင်းတွင်ရောင်းစားခဲ့သည့်ကိစ္စ ဆိုရှယ်မီဒီယာတစ်ခွင် ဟိုးလေးတကျော်ဖြစ်လျက်ရှိသည်။
ကျူးလွန်သူက အသက် ၃၈ နှစ်အရွယ် ‘ကျောင်း’ဟု အမည်ရပြီး ညစ်ညမ်းဗီဒီယိုများ ဖြန့်ဖြူးမှုဖြင့် ၎င်းကို ဇူလိုင် ၆ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ နန်ကျင်းမြို့ရှိ ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
၎င်းကို အွန်လိုင်းတွင် Sister Hong သို့မဟုတ် Red Uncle ဟုသိကြသည်။ (Hong ဆိုသည်မှာ တရုတ်ဘာသာစကားတွင် အနီကို ဆိုလိုသည်။)
တရုတ်သတင်းများအရ အစ်မဟုန်သည် မိတ်ကပ်ထူထူ၊ စကတ်ရှည်နှင့် ဆံပင်တုကိုဝတ်လေ့ရှိပြီး filter များ ၊ အသံပြောင်းပေးသည့် tool များဖြင့် အမျိုးသမီးပုံစံဖမ်းကာ ဆိုရှယ်မီဒီယာတွင် အမျိုးသားများနှင့် ရင်းနှီးအောင်ကြိုးစားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်တွင်လူသုံးများသည့် ဝေပိုလူမှုကွန်ရက်၌ #Red Uncle ဆိုသည့်အရေးအသားက ရေပန်းအစားဆုံးဖြစ်ခဲ့သည်။
အစ်မဟုန်သည် တိုက်ခန်းထဲတွင် ကင်မရာခိုးတပ်ထားပြီး ၎င်း၏ထောင်ချောက်ထဲဝင်လာသူများကို ဗီဒီယိုရိုက်ယူခဲ့သည်။ထို့နောက် အွန်လိုင်းဂရု(ပ်)တစ်ခုတွင် ယင်းဗီဒီယိုများကိုတင်ရောင်းပြီး တစ်ဦးကိုမန်ဘာကြေး ယွမ် ၁၅၀ ဖြင့် အမြတ်ထုတ်ရယူခဲ့သည်။ အစ်မဟုန်နှင့်ပတ်သက်ခဲ့သူအချို့က ပေါက်ကြားလာသည့်ဗီဒီယိုများတွင် ၎င်းတို့ပါနေသည်ကို သတိထားမိပြီး ရဲကိုတိုင်ခဲ့ကြသည်။
အစ်မဟုန်ကို အသက် ၆၀ ကျော်ဟုလည်း သတင်းများတွင်ဖော်ပြနေကြသည်။ သုံးနှစ်တာကာလအတွင်း ၎င်းခေါ်အိပ်ခဲ့သည့် အမျိုးသားအရေအတွက်က ၁၆၉၁ ဦးဟု သတင်းများထွက်လာသော်လည်း ချဲ့ကားပြောကြခြင်းဟု ရဲတပ်ဖွဲ့ကပြောသည်။
၎င်းသည် အမျိုးသားများကို အခကြေးငွေတောင်းခြင်းမရှိဘဲ လက်ဆောင်အနည်းငယ်သာ ယူလာခိုင်းသည်။အချို့က နွားနို့၊ သစ်သီးများယူလာသည်။ ဟင်းချက်ဆီ ယူလာပေးသူလည်းရှိသည်။အစ်မဟုန်ဆီရောက်လာသူများထဲ နာမည်ကျော်ဆယ်လီများ ၊ အားကစားထရိန်နာများ၊ နိုင်ငံခြားသားများလည်း ပါသည်။
အချို့က အစ်မဟုန်ဆီရောက်လာပြီးမှ အမျိုးသမီးမဟုတ်မှန်းသိသွားသော်လည်း ရောက်ပြီးမှတော့ဆိုသည့်စိတ်ဖြင့် ဆက်နေလိုက်ကြသူများဖြစ်သည်။
မိန်းကလေးအများစုက ၎င်းတို့၏ချစ်သူကောင်လေးများ ၊ ခင်ပွန်းများ ၊ အတန်းဖော်များ ၊ လုပ်ဖော်ကိုင်ဖက်များ ဗီဒီယိုထဲပါလာသဖြင့် တအံ့တဩဖြစ်ခဲ့ကြသည်။ထိုမှတ်တမ်းများကြောင့် မူကြိုကျောင်းတစ်ခုတွင် အင်္ဂလိပ်စာဆရာလုပ်နေသည့် သားဖြစ်သူပါနေမှန်း မိခင်ကတွေ့ခဲ့သည်။
၎င်းအမျိုးသားများကြောင့် အမျိုးသမီးမည်မျှ ထိခိုက်နစ်နာခဲ့ရပြီလဲ ၊ မိမိတို့အနားရှိနေသူက အစ်မဟုန်ဖြားယောင်းခဲ့သည့် အမျိုးသားများထဲ ပါနေပြီလား မသိနိုင် ဆိုသည့်မှတ်ချက်များလည်း ထွက်လာကာ ၊ အမျိုးသမီးတစ်ဦးက နောက်ဆက်တွဲပြဿနာများကိုရည်ညွှန်းပြီး “အခမဲ့ဆိုတဲ့အရာက စျေးအကြီးဆုံးပဲ” ဟု မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံတွင် လိင်တူစပ်ယှက်မှုအား ပြစ်မှုအဖြစ်သတ်မှတ်ခြင်းကို ၁၉၉၇ ခုနှစ်မှစတင်ကာ ပယ်ဖျက်ထားသော်လည်း မဖွယ်မရာဓာတ်ပုံ ၊ ဗီဒီယိုများဖြန့်ဖြူးခြင်းကို ဥပဒေအရ အပြစ်ပေးနိုင်သည်။
ယခုအွန်လိုင်းတွင် ၎င်းကို ‘အစ်မ’ဟု မသုံးနှုန်းသင့်တော့ဟု ပြောနေကြပြီဖြစ်ကာ ‘အဖိုးဟုန်’ ၊ ‘ဦးလေးဟုန်’ဆိုသည့်နာမည်ပြောင်များဖြင့် သရော်ခေါ်နေကြသည်။
ယင်းသို့ အမျိုးသမီးအယောင်ဆောင်ကာ တရုတ်နိုင်ငံသားတစ်ဦးက အမျိုးသားများကိုခေါ်အိပ်ခဲ့မှုမှာတရုတ်ဆိုရှယ်မီဒီယာ Weibo တွင် ရေပန်းစားခဲ့ပြီး Reuters၊ China Daily၊ South China Morning Post အစရှိသည့် သတင်းဌာနများတွင် ဖော်ပြထား သည်ကိုတွေ့ရသည်။
Reuters သတင်းဌာနက ဖော်ပြရာတွင် "တရုတ်နိုင်ငံသားတစ်ဦးက အမျိုးသမီးအယောင်ဆောင်ကာ အမျိုးသားများစွာကို ဖြားယောင်းအတူနေခဲ့သည်ဆိုသည့် ဖြစ်ရပ် တရုတ်လူမှုကွန်ရက် ဝေပိုတွင် ဟိုးလေးတကျော်ဖြစ်ခဲ့" ဆိုသည့် ခေါင်းစဥ်ဖြင့် ဖော်ပြထားသည်ကိုတွေ့ရသည်။
Reuters က ဖော်ပြရာတွင် သက်လတ်ပိုင်းတရုတ်နိုင်ငံသားတစ်ဦးက အမျိုးသမီးအသွင်ဟန်ဆောင်ပြီး အမျိုးသား ၁၀၀၀ ကျော်နှင့် အတူနေခဲ့သည်များကို ဗီဒီယိုခိုးရိုက်ကာ ဖြန့်ဝေခဲ့သည်ဆိုသည့်ဖြစ်ရပ် ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်ဆိုရှယ်မီဒီယာတွင် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်ဟု ရေးသားထားသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး ဇူလိုင် ၈ ရက်က တရုတ်နိုင်ငံ၏လူသုံးများသည့် ဝေပိုလူမှုကွန်ရက်ပေါ်တွင် # red uncle ဆိုသည့်အရေးအသားက အတွေ့ရအများဆုံးဖြစ်ခဲ့ကာ ဆိုရှယ်မီဒီယာသုံးသူများက မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားခဲ့ကြသည်ဟု အစရှိသည့်အကြောင်းအရာများကို Reuters က ရေးသားဖော်ပြထားသည်။
ထို့ပြင် တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် China Daily သတင်းဌာနကလည်း အဆိုပါ အကြောင်း အရာကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
■ Ref: South China Morning Post (SCMP)
■ Photos : SCMP















