အိမ်နီးချင်းထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅၀ ဦး ဇူလိုင် ၄ ရက် တစ်ရက်တည်းတွင် နှစ်နေရာခွဲ၍ ဖမ်းဆီးခံရကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ် မြဝတီဘက်မှ ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်ရန် မဲဆောက်ဘက်သို့ တရားမဝင် နယ်စပ်မှ ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို တင်ဆောင်လာသည့် ဗင်ကားတစ်စီးကို ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးပူးပေါင်းအဖွဲ့က တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများနှင့်အတူ ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။
ထို့အတူ ဇူလိုင် ၄ ရက် နံနက် ၇ နာရီခန့်ကလည်း စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသား ကလေးငယ် တစ်ဦးအပါဝင် ၃၅ ဦး လိုက်ပါလာသည့် ဗင်ကားတစီးကို ကန်ချနဘူရီခရိုင် ထောဖာဖူမြို့ စဟကော်နိခုမ်ကျေးရွာ အုပ်စု ၁ အနီးတွင် နယ်မြေခံအာဏာပိုင်များက စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၂၀၀၀ ပေးရကြောင်း ဖမ်းဆီခံရသူများထံမှ သိရသည်။
မြန်မာနိုင်ငံသားများအား တရားမဝင်သယ်ဆောင်လာသည့် ကားသမားနှင့်အတူ ဖမ်းဆီးရမိသူအားလုံးကို ထောဖာဖူရဲစခန်းသို့ ပို့ဆောင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo Crd: LHT















