ဇူလိုင်လ၂ ရက်နေ့က အဲသံလွင်လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် ST-739 ဖြင့် ရန်ကုန်မှ တာချီလိတ်သို့ပျံသန်းစဉ် လေယာဉ်၏ညာဘက်တောင်ပံရင်းရှိ လေကာအဖုံး(Honey Comb)လေတိုက်စား ပြတ်ထွက်မှုဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အဆိုပါလေကြောင်းလိုင်းက ခရီးသည်များအားတောင်ပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါလေယာဉ်သည် တာချီလိတ်လေဆိပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာဆင်းသက်နိုင်ခဲ့ပြီး လေကာပြားအဖုံးတပ်ဆင်ထားသောနေရာမှာ လေယာဉ်အတွင်းပိုင်း၏ Pressurization area နှင့် ဆက်စပ်မှုမရှိ သည့်အတွက် လေယာဉ်၊ လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ၏ဘေးအန္တရာယ် တစုံတရာ ထိခိုက်မှု မရှိစေနိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လေယာဉ်အား ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းဝန်ဆောင်မှုပေးနိုင်ရန်အတွက် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ လေယာဉ်စစ်ဆေးမှုဌာနခွဲနှင့် လေယာဉ်ထုတ်လုပ်မှုကုမ္ပဏီ၏လမ်းညွှန် မှုများနှင့်အညီ လိုအပ်သည်များကိုစစ်ဆေးပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်မှတာချီလိတ်သို့ ပျံသန်းခဲ့သောဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသည်များ စိတ်အနှောက်အယှက်ဖြစ်ခဲ့ ရမှုနှင့် ခရီးစဉ်အစားထိုးပျံသန်းမှုကြောင့်ခရီးစဉ် နောက်ကျခဲ့ရမှုများအတွက် အနူးအညွတ်တောင်းပန်ပါကြောင်း အဲသံလွင်လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















