ထိုင်းနိုင်ငံတွင် ဓာတ်ပုံရိုက်ကူးရမည့် အလုပ်လက်ခံပြီး မြန်မာနိုင်ငံဘက် လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ဓာတ်ပုံရိုက်ရန် အလုပ်လက်ခံပြီးနောက် ပျောက်ဆုံးနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘန်ကောက်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြထားသည်။
အဆိုပါတရုတ်နိုင်ငံသား Mr.Zhong မှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး ဇွန်လအစောပိုင်းတွင် မဂ္ဂဇင်းကာဗာ ဓာတ်ပုံရိုက်ကူးရန်အတွက် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံသို့ လှည့်ဖြားပြီး လူကုန်ကူးခံခဲ့ရကြောင်း တရုတ်အစိုးရကျောထောက်နောက်ခံပြု ပြည်တွင်းမီဒီယာက သောကြာနေ့တွင် ဖော်ပြခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
၎င်းပျောက်ဆုံးနေမှုကို ညီမဖြစ်သူက ကွမ်ကျိုးမြို့နှင့် ဘန်ကောက်ရှိ ရဲတပ်ဖွဲ့များထံ တိုင်ကြားခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်များက မြန်မာနိုင်ငံရှိ အမည်မသိနေရာတစ်ခုမှ သံသယဖြစ်ဖွယ် ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့ကြောင်း တရုတ်အစိုးရ ရုပ်သံ CCTV က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားကို ပြန်လည်ကယ်တင်နိုင်မှုတွင် ဘက်အသီးသီး၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံသားများအနေဖြင့် လစာမြင့်မားစွာပေးသည်ဆိုသည့် အလုပ်အကိုင်များကို သတိထားကြရန် ဘန်ကောက်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြထားသည်။
ယခုကဲ့သို့ သတိပေးချက်မှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ လူကုန်ကူးပြီး မသမာသော အလုပ်အကိုင် အစီအမံများနှင့်ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာချိန်တွင် သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရာဇဝတ်မှုကွန်ရက်များသည် အရှေ့တောင်အာရှရှိ လူထောင်ပေါင်းများစွာကို တရားမဝင်အွန်လိုင်း အစီအစဉ်များတွင် လုပ်ကိုင်ရန် လူကုန်ကူးခံရပြီး ယင်းဖြစ်စဉ်များမှာ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များကို ကိုးကားပြီး Thai PBS သတင်းက ဖော်ပြသည်။















