ခြင်ဆေးခွေထွန်းထားရာတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ရော်ဘာသိုလှောင်ရုံတစ်ရုံ မီးလောင်ပျက်ဆီး

ခြင်ဆေးခွေထွန်းထားရာတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ရော်ဘာသိုလှောင်ရုံတစ်ရုံ မီးလောင်ပျက်ဆီး
Published 26 June 2025

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာနှင့် စပ္ပနူးကျေးရွာကြားရှိ ရော်ဘာသိုလှောင်ရုံတစ်ရုံတွင် ခြင်ဆေးခွေထွန်းထားရာတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ရော်ဘာသိုလှောင်ရုံတစ်ရုံ မီးလောင်ပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန် ၂၄ ရက် နံနက် ၂ နာရီ ၂၅ မိနစ်ခန့်က အဆိုပါကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာနှင့် စပ္ပနူးကျေးရွာကြားရှိ ရော်ဘာသိုလှောင်ရုံတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

“ရော်ဘာသိုလှောင်ရုံ မီးလောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့အခါမှာ ခြင်ဆေးခွေထွန်းထားရာကနေတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူက ပြောကြားသည်။

အဆိုပါရော်ဘာသိုလှောင်ရုံ မီးလောင်မှုအား ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကျိုက္ကသာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျားပေ ၂၀၊ အနံ ၃၀ ပေခန့်ရှိ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် ရော်ဘာသိုလှောင်ရုံ မီးလောင်ပျက်ဆီးခဲ့သည့်အပြင် ရော်ဘာပေါင်ချိန် ၈၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရော်ဘာသိုလှောင်ရုံ မီးလောင်မှုကြောင့် မန်နေဂျာဖြစ်သူ အမျိုးသားတစ်ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၈၅ အရ သိမ်ဇရပ်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent