မြန်မာ့လက်ရွေးစင်အသင်းနှင့် ပါကစ္စတန်လက်ရွေးစင်အသင်းတို့၏ ပွဲကို ဇွန် ၁၀ ရက်၊ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဟု မြန်မာနိုင်ငံဘာလုံးအဖွဲ့ချုပ်(MFF) က အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။
ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်(PFF) သည် ပြီးခဲ့သည့်မေ ၂၇ က အမှုဆောင်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ယင်းရွေးကောက်ပွဲကြောင့် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်း ယှဉ်ပြိုင်ကစားရမည့် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမအကျော့ အိမ်ကွင်းပွဲကို အဝေးကွင်းအဖြစ် ပြောင်းလဲကစားရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမအကျော့အဖြစ် လာမည့်ဇွန် ၁၀ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့၌ ဒေသစံတော်ချိန် ည(၈) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်(PFF) သည် ယင်းပွဲအား မြန်မာအသင်း၏ အိမ်ကွင်းအဖြစ် ရန်ကုန်မြို့၌ ဦးစွာကစားရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC) ထံ တင်ပြခဲ့ပြီး ယခုအခါ AFC က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ပါကစ္စတန်လက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမအကျော့အဖြစ် လာမည့် ဇွန် ၁၀ ရက်၊ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ယင်းပွဲအတွက် ပဏာမကစားသမား (၃၁) ဦးဖြင့် ပြီးခဲ့သည့်မေ ၂၃ ရက်ကတည်းက လေ့ကျင့်နေလျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် ပါကစ္စတန်လက်ရွေးစင်အသင်းနှင့်ပွဲအတွက် ပဏာမကစားသမား (၃၁) ဦး ရွေးချယ်ထားခဲ့သော်လည်း ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်နိုင်မှုကိုမူ ပြီးခဲ့သည့်ရက်ပိုင်းကမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပါကစ္စတန်အသင်းနှင့်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားခွင့်မရရှိသောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေလျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် မတ် ၂၅ ရက်က ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် အိမ်ကွင်းတွင် အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၁) ဂိုးဖြင့် အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပါကစ္စတန်အသင်းနှင့် ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်သည့်အနေဖြင့် ဇွန် ၃ ရက်တွင် MNL All Stars အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်အသင်းကို အင်္ဂလန်နည်းပြ စတီဖင်ကွန်စတန်တိုင်းမ်က ၂၀၂၃ ခုနှစ်ကတည်းက တာဝန်ယူကိုင်တွယ်နေပြီး ဇွန် ၁၀ ရက်တွင် ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်ပွဲအတွက် ကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိသည်။
ပါကစ္စတန်အသင်းသည် ခြေစစ်ပွဲ အုပ်စုပထမပွဲတွင် ဆီးရီးယားအသင်းကို(၀-၂) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။















