၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရွှေလက်အိတ်ဆုကို အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာနှင့် နော်တင်ဟမ်ဖောရက်စ်ဂိုးသမား မက်ဇ်ဆဲလ်စ်တို့ ပူးတွဲဆွတ်ခူးခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုမှာ ဂိုးမပေးရသည့် Clean Sheet ပွဲ အများဆုံးရရှိအောင် စွမ်းဆောင်နိုင်သည့် ဂိုးသမားကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ရာယာနှင့် ဆဲလ်စ်တို့သည် Clean Sheet (၁၃)ပွဲစီ ရရှိခဲ့သောကြောင့် ရွှေလက်အိတ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ရွှေလက်အိတ်ဆုကို ဂိုးသမားနှစ်ဦး ပူးတွဲဆွတ်ခူးခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၃-၁၄ ရာသီ၌ ပီတာချက်(ချယ်လ်ဆီး)နှင့် ဆဇက်စနီ(အာဆင်နယ်)တို့ Clean Sheet (၁၆)ပွဲစီဖြင့်လည်းကောင်း၊ ၂၀၂၁-၂၂ ရာသီတွင် အယ်လစ်ဆန်(လီဗာပူးလ်)နှင့် အီဒါဆန်(မန်စီးတီး)တို့ Clean Sheet ပွဲ(၂၀)စီဖြင့်လည်းကောင်း ပူးတွဲဆွတ်ခူးခဲ့ဖူးကြောင်း သိရသည်။
ယခုရာသီ၌ ရာယာနှင့် ဆဲလ်စ်တို့ Clean Sheet (၁၃)ပွဲစီဖြင့် ရွှေလက်အိတ်ဆု ရရှိခဲ့ခြင်းမှာ သမိုင်းတစ်လျှောက် Clean Sheet အရေအတွက် အနည်းဆုံးဖြင့် ရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
ရာယာသည် ရွှေလက်အိတ်ဆုကို နှစ်ရာသီဆက်နှင့် ဒုတိယအကြိမ်မြောက်အဖြစ် ရရှိခြင်းဖြစ်ပြီး ဆဲလ်စ်မှာမူ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သည်။
ယခင်က ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် မန်ယူအသင်းများမှ ဂိုးသမားများသာ ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။















