ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ခုနစ်လကြာ ကျင်းပပြုလုပ်ခဲ့သည့် ဗုဒ္ဓပူဇနိယပွဲတော် ကာလအတွင်း ပြည်တွင်း၊ပြည်ပ ဘုရားဖူး ခရီးသွား (၁၁ ဒသမ ၆) သိန်းကျော်လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဗုဒ္ဓပူဇနိယပွဲတော်စတင်ကျင်းပပြုလုပ်ခဲ့သည့် (သီတင်းကျွတ်လပြည်နေ့) (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၁၇) ရက်မှ (၂၀၂၅) ခုနှစ် မေလ (၁၁) ရက် (ကဆုန်လပြည့်နေ့) အထိ ပြည်တွင်းဘုရားဖူး (၁၁၄၁၃၆၇) ဦး နှင့် ပြည်ပဘုရားဖူးခရီးသွား (၂၄၇၈၇) ဦး လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှ က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလာရောက်ဖူးမျှော်ကြတဲ့ ဘုရားဖူးတွေက မနှစ်ကထက် ပိုပြီးများပြားခဲ့ပါတယ်။ ပြည်ပဘုရားဖူးနဲ့ ခရီးသွားတွေအနေနဲ့က ထိုင်းနိုင်ငံဘုရားဖူးတွေအများဆုံးလာရောက်ကြပါတယ်” ဟု ပြောကြားသည်။
လက်ရှိ ကဆုန်လပြည်နေ့နောက်ပိုင်း ဗုဒ္ဓပူဇနိယပွဲတော်ကာလပြီးဆုံးသွားပြီးဖြစ်သော်လည်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမျှော်ကြမည့် ဘုရားဖူးတွေအတွက် တောင်တက်မော်တော်ယာဉ်များကို စီစဉ်ပေးထားသည့်အပြင်၊ ဘုရားဖူးတွေအတွက် တည်းခိုရေး၊ စားသောက်ရေး၊ လုံခြုံရေး နဲ့ ကျန်းမာရေးအတွက်ပါ ဘုရားပွဲတော်ကာလကဲ့သို့ ဆက်လက် စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် (၂၀၂၃ - ၂၀၂၄) ခုနှစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ပြည်ပ ဘုရားဖူးခရီသွား (၇၂၀၀၀၀) ဦးကျော်လာရောက်ခဲ့ကြောင်းလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ကျိုက်ထိးရိုးဒေသသို့ ဘုရားဖူးအများအပြားပြန်လည်ဝင်ရောက်လာကြသည့်အတွက်ကြောင့် ယင်းဒေသအတွင်းရှိ တည်းခိုဆောင်၊ စားသောက်ဆိုင် နှင့် အခြားဆက်စပ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ဘိုဘိုမြင့်
Photo Credit - ကျိုက်ထီးရိုးဂေါပကအဖွဲ့ရုံး















