ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာတဲ့ အသင်း(၈)သင်းထဲမှာ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီကလပ် (၂)သင်းစီ ပါဝင်ခဲ့ပြီး အီတလီနဲ့ ပြင်သစ်ကလပ်ကတော့ (၁)သင်းစီ ပါဝင်ခဲ့ပါတယ်။ ပွဲစဉ်လမ်းကြောင်းအရ အင်္ဂလန် ကလပ်နှစ်သင်းထဲက တစ်သင်းသာ ဗိုလ်လုပွဲတက်ရောက်ခွင့်ရမှာဖြစ်သလို၊ ဂျာမန်ကလပ်နှစ်သင်းထဲကလည်း တစ်သင်းသာ ဗိုလ်လုပွဲတက် ရောက်ခွင့်ရမှာပါ။ စပိန်ကလပ်နှစ်သင်းကတော့ ဗိုလ်လုပွဲကို နှစ်သင်းစလုံး တက်ရောက်နိုင်တဲ့ အခွင့်အလမ်းရှိနေပါတယ်။ ဒါကြောင့်လည်း ချန်ပီယံဖြစ်နိုင်ခြေအတွက် အလေးပေးမှုမှာ စပိန်ကလပ်တွေက ထိပ်ပိုင်းရောက်နေတာလို့ ဆိုနိုင်ပြီး အင်္ဂလန်ကလပ်တွေကတော့ PSG၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့ရဲ့နောက်မှာ သာရှိနေပါတယ်။ အင်္ဂလန်ကလပ်တွေ အလေးပေး မှုနိမ့်ပါးနေခဲ့ခြင်းက ပွဲစဉ်လမ်းကြောင်း တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ပါဘူး။ ကျန်ရှိနေတဲ့ အင်္ဂလန်ကလပ်နှစ်သင်းရဲ့ အစဉ်အလာနဲ့ ခြေစွမ်းပိုင်းမှာ အားနည်းချက်ရှိနေကြတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်ကိုယ်စားပြု ဆက်လက်ယှဉ်ပြိုင် ခွင့်ရနေတာက အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ ဖြစ်ပြီး အာဆင်နယ်က ချန်ပီယံလိဂ်မှာ အမြင့်ဆုံး ဗိုလ်လုပွဲအဆင့်သာ ရောက်ရှိဖူးတဲ့အသင်းပါ။ အက်စတွန်ဗီလာကလည်း ချန်ပီယံလိဂ်ခေတ်မတိုင်ခင် ဥရောပဖလားခေတ်တုန်းကသာ ချန်ပီယံဆု ရရှိဖူးတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာမှ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ ဒါကြောင့်လည်း ကွာတားဖိုင်နယ်အဆင့် ရောက်ရှိလာချိန်မှာ အင်္ဂလန်ကလပ်တွေကို လူကြိုက်သိပ်မများတော့တာလို့လည်း ဆိုနိုင်ပါတယ်။

ရေပန်းအစားဆုံး PSG
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်အသင်းတွေနဲ့ ဘယ်အသင်းတွေ ထိပ်တိုက်တွေ့သလဲဆိုတာ မတ်လ(၁၂)ရက် ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေအပြီးမှာ အဖြေထွက်ခဲ့ပါတယ်။ အခု ကွာတားဖိုင်နယ်ပထမအကျော့ကို ဧပြီ(၈)နဲ့ (၉)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ အချိန်ကာလအားဖြင့် တစ်လနီးပါး ကြာမြင့်သွားပါပြီ။ ဒီတော့ အသင်းတွေရဲ့ ခြေစွမ်းနိမ့်မြင့်တက်ကျ၊ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာ၊ သက်ဆိုင်ရာပြည်တွင်းပြိုင်ပွဲတွေရဲ့ ဖိအားအတိုး အလျော့အပေါ်မူတည်ပြီး အလေးပေးမှုနှုန်းထားတွေနဲ့ ရေပန်းစားမှုတွေလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အခုထိလည်း လောင်းကစားကုမ္ပဏီတွေရဲ့ အလေးပေးမှုနဲ့ အချက်အလက်ကိန်းဂဏန်းတွေအပေါ် အခြေပြုတွက်ချက်တဲ့ Opta ရဲ့ ခန့်မှန်းချက် နဲ့ကတော့ ကွဲပြားခြားနားမှုတွေ ရှိနေတုန်းပါပဲ။ Opta ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အလားအလာအကောင်းဆုံးက ဘာစီလိုနာအသင်းဖြစ်ပြီး PSG က ဒုတိယ၊ အာဆင်နယ်က တတိယအလားအလာအကောင်းဆုံးလို့ ခန့်မှန်းထားပါတယ်။ သူတို့နောက်မှာ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အက်စတွန်ဗီလာ၊ ဒေါ့မွန်တို့ အစဉ်အလိုက်တည်ရှိနေကြပါတယ်။ Opta က ဒီခန့်မှန်းချက်ကို မတ်(၁၃)ကတည်းက ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ လောင်းကစားကုမ္ပဏီ Oddschecker ကတော့ အလေး ပေးမှုတွေကို အချိန်နဲ့တပြေးညီ အပြောင်းအလဲ လုပ်ထုတ်ပြန်နေခြင်းဖြစ်တာကြောင့် မတ်(၁၃) ရက်က ထုတ်ပြန်ခဲ့တဲ့ အလေးပေးမှုနဲ့ ဧပြီ(၆)ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အလေးပေးမှု မတူညီတော့ပါဘူး။ PSG က ဘာစီလိုနာကို ကျော်တက်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ဒီလို ဘာကြောင့်ပြောင်းလဲသွားတာလဲဆိုရင်တော့ တခြားအသင်းတွေလို ပြည်တွင်းမှာ ဖိအားမရှိတော့ တာကြောင့်လို့ပဲ ဆိုရမှာပါ။ PSG အသင်းက ပြီးခဲ့တဲ့စနေနေ့မှာပဲ ပြင်သစ်လိဂ်ချန်ပီယံအဖြစ် အဖြေထွက်သွားခဲ့ပါတယ်။ ပြင်သစ်ဖလားဗိုလ်လုပွဲကိုလည်း မေ(၂၄)မှ ကစားရမှာပါ။ ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းကို အာရုံစိုက်ကစားနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ တခြားအသင်းတွေမှာ အဲဒီလိုအခွင့်အရေး မရှိကြပါဘူး။ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်က လာလီဂါချန်ပီယံဆုကို အပြိုင်လုနေရသလို၊ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာလည်း ထိပ်တိုက်တွေ့နေကြပြီး ဧပြီ(၂၆)မှာ ယှဉ်ပြိုင်ရမှာပါ။ ဘိုင်ယန်မြူးနစ်ကလည်း ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် အမှားလုပ်လို့မရတဲ့ အနေအထားမှာ ရှိနေသေးပြီး ဒေါ့မွန်ကလည်း ဥရောပဝင်ခွင့်အတွက် အမှတ်လုနေရပါတယ်။ စီးရီးအေပြိုင်ပွဲကို ဦးဆောင်နေတဲ့ အင်တာမီလန်အနေနဲ့လည်း ဖိအားလိုက်ပေးနေတဲ့ နာပိုလီအသင်းကြောင့် ခြေမချော်အောင် ပြေးနေရတုန်းပါပဲ။ အာဆင်နယ်နဲ့ အက်စတွန်ဗီလာအသင်းမှာလည်း ဖိအားကိုယ်စီနဲ့ပါပဲ။ အာဆင်နယ်က လီဗာပူးလ်ကို လိုက်မီနိုင်ဖို့ ဖြစ်နိုင်ခြေမရှိတော့သလောက် နည်းသွားပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားကင်းသွားသလိုတော့ ရှိနေပါတယ်။ ပြည်တွင်းဖလားတွေလည်း ယှဉ်ပြိုင်စရာမရှိတော့ပါဘူး။ ဒါပေမဲ့ အပြိုင်အဆိုင်များတဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာကို ထိန်းထားနိုင်ဖို့ လိုအပ်နေပါသေးတယ်။ အက်စတွန်ဗီလာအသင်းကတော့ ပရီးမီးယားလိဂ် မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်(၄)သင်းလောက်နဲ့ အားပြိုင်နေရဆဲဖြစ်သလို၊ FA ဖလား မှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိနေပြီဖြစ်တာကြောင့် ဘာကိုမှ လက်လွှတ်လို့မရသလိုအနေအထားမျိုး ဖြစ်နေပါတယ်။
ဗိုလ်လုပွဲ တစ်နေရာ
အင်္ဂလန်ကလပ်တွေအတွက် ပိုပြီးအခက်တွေ့သွားစေခဲ့တာကတော့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေက ဒီပြိုင်ပွဲမှာ အစဉ်အလာကောင်းတဲ့အသင်း ဒါမှမဟုတ် ခြေစွမ်းပြနေတဲ့ အင်အားကြီးအသင်းတွေ ဖြစ်နေခြင်းပါပဲ။ အာဆင်နယ်က ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအဖြစ် ဆုဖလား(၁၅)ကြိမ်ရယူထားတဲ့ ရီးယဲလ်မက် ဒရစ်အသင်းနဲ့ ဆုံတွေ့နေတာပါ။ ရီးယဲလ်က ချန်ပီယံလိဂ်နဲ့ လမိုင်းကပ်လွန်းတဲ့အသင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒီရာသီမှာတော့ ဘာပေလို ကမ္ဘာကျော်တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတဲ့ အပြင် Play-offs ကစားခဲ့ရပေမဲ့ ကွာတားဖိုင်နယ်ရောက်ဖို့ မန်စီးတီး၊ အက်သလက်တီကိုတို့လို ပြိုင် ဘက်ကောင်းတွေကို ကျော်လွှားခဲ့တာပါ။ အက်စတွန်ဗီလာကတော့ ပြည်တွင်းမှာ ဘာဖိအားမှ မရှိတော့သလို၊ ဒီဆုဖလားကို လိုချင်လွန်းနေတဲ့ PSG အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ PSG က မက်ဆီ၊ နေမာ၊ ဘာပေတို့လို ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ခဲ့ချိန်မှာတောင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခြင်းမရှိခဲ့ပေမဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတဲ့ ကစားသမားအင်အားကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လည်း ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံလာရတာပါ။ ဒီတော့ အင်္ဂလန်ကလပ်တွေအနေနဲ့ ကျော်လွှားဖို့ မလွယ်ကူတဲ့ ပြိုင်ဘက်တွေနဲ့ ဆုံတွေ့နေခြင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အကောင်းဘက်က တွေးမယ်ဆိုရင်တော့ ပွဲစဉ်လမ်းကြောင်းအရ အင်္ဂလန်ကလပ်နှစ်သင်း ဆီမီးဖိုင်နယ်မှာ ဆုံတွေ့နိုင်ခြေရှိတဲ့ အခြေအနေက ဗိုလ်လုပွဲတစ်နေရာအတွက် ပိုမိုအားကောင်း သွားစေတဲ့ အခွင့်အလမ်းတစ်ခုတော့ ဖြစ်နေပါတယ်။ အာဆင်နယ်က ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်၊ အက်စတွန်ဗီလာကလည်း PSG ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကလပ်နှစ်သင်း ဆုံတွေ့ပြီး ဗိုလ်လုပွဲ တစ်နေရာကို ရယူနိုင်မှာပါ။ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ ဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်မှာလား။ အင်္ဂလန်ကလပ်တွေက အခုနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ အရင်ထက် ပိုရလာခဲ့ပါတယ်။ ၂၀၁၇-၁၈ ရာသီကစပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအထိ စုစုပေါင်း(၇)ရာသီမှာ အင်္ဂလန်ကလပ်တွေ (၃)ကြိမ်ဗိုလ်စွဲခဲ့ပြီး အင်္ဂလန်က လပ်နှစ်သင်း ဗိုလ်လုရတဲ့ All-English Final နှစ်ကြိမ်ရှိခဲ့ပါတယ်။ ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရတာ (၂)ရာသီရှိခဲ့ပါတယ်။ အဲဒီ နောက်ဆုံး(၇)ရာသီအတွင်းက စွမ်းဆောင်မှုနှုန်းထားနဲ့ဆိုရင် အင်္ဂလန်ကလပ်တွေက ချန်ပီယံဆုကို တစ်ရာသီခြားတစ်ခါ ရယူနိုင်ခဲ့ပြီး ဒီရာသီက အင်္ဂလန်ကလပ်တွေရဲ့အလှည့် ဖြစ်လာရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ အင်္ဂလန်ကလပ်တွေရဲ့ လမ်းဆုံးမှတ်တိုင်က ကွာတားဖိုင်နယ်အဆင့်သာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို မကျော်နိုင်၊ မန်စီးတီးက ရီးယဲလ်မက်ဒရစ်ကို မကျော်နိုင် ဖြစ်ခဲ့တာပါ။ ဒီရာသီမှာက လီဗာပူးလ်၊ မန်စီးတီးတို့ ပြုတ်ကျန်ခဲ့ပြီး အာဆင်နယ်၊ အက်စတွန်ဗီလာတို့သာ အင်္ဂလန်ကို ကိုယ်စားပြုနေရတာကြောင့် ပြီးခဲ့တဲ့ရာသီထက်တောင် အလားအလာနည်းပါးနေတယ်လို့ သုံးသပ်ခံထားရပါတယ်။ အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် ဒဏ်ရာရသွားတာကြောင့်လည်း အင်္ဂလန်ပရိသတ်တွေရဲ့ မျှော်လင့်ချက်က ပိုဖျော့မှိန်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။