၂၀၂၅ ခုနှစ် မတ် ၂၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်တွင် အင်အားရစ်(ချ်)တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ရှားခဲ့သော အင်အားပြင်းငလျင် လှုပ်ခတ်ပြီး နောက်ဆက်ငလျင်အနေဖြင့် ဧပြီ ၃ ရက်အထိ ခုနစ်ရက်အတွင်း နောက်ဆက်တွဲငလျင် ၆၅ ကြိမ်ထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါအင်အားပြင်းမြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး တို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် ဧပြီ ၂ ရက် နံနက် ၈ နာရီထိ သေဆုံးသူ ၂၈၈၆ ဦး၊ ဒဏ်ရာရရှိသူ ၄၆၃၉ ဦး နှင့် ပျောက်ဆုံးသူ ၃၇၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်သည် အဏုမြူဗုံး ၃၃၄ လုံး၏ ပြင်းအားနှင့် တူညီနေပြီး နောက်ဆက်တွဲငလျင်ငယ်များ လနှင့်ချီ လှုပ်ခတ်နိုင်ကြောင်း ဘူမိဗေဒပညာရှင်များ ပြောကြားခဲ့သည်ဟု Business Today သတင်းတွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါငလျင်ဒဏ်သင့်ဒေသအသီးသီး၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။















