ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် PSG နှင့်တွေ့ဆုံနိုင်သော်လည်း အာဆင်နယ်နှင့်ပွဲကိုသာ အာရုံစိုက်ထားကြောင်း ဘာပေ ဆို

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် PSG နှင့်တွေ့ဆုံနိုင်သော်လည်း အာဆင်နယ်နှင့်ပွဲကိုသာ အာရုံစိုက်ထားကြောင်း ဘာပေ ဆို
Photo: X
Photo: X
Published 20 March 2025

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အသင်းဟောင်း PSG နှင့် တွေ့ဆုံနိုင်သော်လည်း လက်ရှိတွင် အာဆင်နယ်နှင့် ကစားရမည့် ကွာတားဖိုင်နယ်အတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်တွင် မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ကွာတားဖိုင်နယ်တွင် အာဆင်နယ်အသင်းနှင့်တွေ့ဆုံနေပြီး ပထမအကျော့အဖြစ် ဧပြီလ (၉)ရက်တွင် အဝေးကွင်း၊ ဒုတိယအကျော့အဖြစ် ဧပြီလ (၁၆) ရက်တွင် အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ဆီမီးဖိုင်နယ်တွင် PSG-အက်စတွန်ဗီလာပွဲမှ အနိုင်ရသည့်အသင်းနှင့်တွေ့ဆုံမည်ဖြစ်သည်။

ဘောလုံးဝေဖန်သူများက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ရီးယဲလ်မက်ဒရစ်နှင့် PSG တို့ တွေ့ဆုံမည်ဟု ခန့်မှန်းနေပြီး ဘာပေအနေဖြင့် အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေသည်။

ဘာပေသည် ပြီးခဲ့သည့်နွေရာသီကမှ PSG အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်အသင်းဟောင်း PSG နှင့် ဆုံတွေ့ဖွယ်ရှိနေသော်လည်း ဘာပေကမူ လက်ရှိတွင် ယင်းအကြောင်းကိုမစဉ်းစားဘဲ အာဆင်နယ်နှင့်ကစားရမည့် ကွာတားဖိုင်နယ်ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာပေက "ဆီမီးမှာ PSG နဲ့တွေ့မယ်လို့ တွေးနေမယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG နဲ့ ရီးယဲလ် တွေ့မယ်လို့ ခန်းမှန်းခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် ကစားနေတဲ့ PSG အသင်း ဗိုလ်လုပွဲ တက်ရောက် နိုင်ခြင်းမရှိခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်ကတော့ ကိုယ့်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံ မယ့် အာဆင်နယ်အသင်းအကြောင်းကို တွေးပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဘာပေက ယခုရာသီတွင် ရီးယဲလ်အနေဖြင့် ရာသီလက်ကျန်ပွဲများတွင် အာရုံစိုက်ကစားမည်ဆိုပါက အောင်မြင်မှုများ ရရှိနိုင်ကြောင်းလည်း ဆိုခဲ့သည်။ ဘာပေသည် ရီးယဲလ်အတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၄) ပွဲတွင် (၃၁)ဂိုးသွင်းယူထားသည်။

Most Read

Most Recent