၂ဝ၂၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ဘွဲ့ရရှိသူ ၅၀ ဦးအား သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်း

၂ဝ၂၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ဘွဲ့ရရှိသူ ၅၀ ဦးအား သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်း
Published 17 March 2025

၂ဝ၂၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားအား မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပခဲ့ပြီး ဘွဲ့ရရှိသူ ၅၀ ဦးအား သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် ဘက်စုံထောင့်စုံက ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှု အင်အားဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် သာမန်အဆင့်ထက်သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်ပြီး ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များလည်း ရှိနေသည်ကိုတွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး မိမိတတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက်နိုင်ငံ့အတွက် စွန့်လွှတ် စွန့်စား အကျိုးဆောင်သူများကို လွတ်လပ်ရေးနေ့နှင့် နေ့ထူးနေ့မြတ် အခါသမယများတွင် ထိုက်သင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့်အပ်နှင်း ဂုဏ်ပြုလျက်ရှိကြောင်း  ပြောကြားသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက် ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက် ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် သံတမန်တာဝန်များကို ထူးချွန်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်ပြီး အကျိုးပြုကြသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်အတွက် စံနမူနာပြပုဂ္ဂိုလ်များပင် ဖြစ်ကြကြောင်း၊ ထိုသို့ထူးချွန် ပြောင်မြောက်ပြီး နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များကို လေးစားတန်ဖိုး ထားသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းက ဂုဏ်ထူး ဆောင်ဘွဲ့ အပ်နှင်းခြင်းခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်ပြီး အမှန်တကယ် ဂုဏ်ပြုချီးမြှင့်ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သဖြင့် ဘွဲ့ခံပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ် ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ် စသည့် လုပ်ငန်းစဉ်များသည် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အလွန်ကျယ်ပြန့် နက်ရှိုင်းကြောင်း၊ ထိုသို့ ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းမှာ ကဏ္ဍအလိုက် အသေးစိတ် ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန် များစွာရှိနေကြောင်း၊ အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်းလည်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်​က ပြောကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ (၁၃) ဦး၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့များဖြစ်ကြသည့် သူရဘွဲ့ရရှိသူ (၃)ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၁၇) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ (၁၄)ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၁) ဦး၊ သိပ္ပကျော်စွာဘွဲ့ရရှိသူ (၂) ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent