ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝုန်စဝမ် ဘန်စူး နယ်မြေ ပရာချာချူးဆွယ် ၃၇ အနီးတွင် မြေအောက်လျှပ်စစ်ပိုက်လိုင်း သွယ်တန်းသည့် ရေမြောင်း ၌ သန့်ရှင်းရေးလုပ်သော မြန်မာလုပ်သား နှစ်ဦးမှာ မတ်လ ၂၄ ရက် ည ၁၁ နာရီ ၄၅ မိနစ် ခန့်က ဓါတ်လိုက်သေဆုံးခဲ့ကြောင်းသိရသည်။
မြေအောက်လျှပ်စစ်သွယ်တန်းသည့် ရေမြောင်းတွင် လူနှစ်ဦး ဓါတ်လိုက် သေဆုံးကြောင်း ကတန်ယူ ကယ်ဆယ်ရေးအဖွဲ့ထံသို့ အကူညီတောင်းခံလာသဖြင့် ကယ်ဆယ်ရေးအဖွဲ့များမှ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ပြီး အကျယ်၁၅ မီတာ အနက် ၁၅ မီတာရှိသည့် လျှပ်စစ်ဝါယာကြိုးသွယ်တန်းသည့် မြောင်းထဲ သို့ကယ်ဆယ်ရေးအဖွဲ့ဝင် ၃ ဦး မှ ဆင်းကူရန်အသင့်ဖြစ်နေသောလည်း လျှပ်စစ်ဝါယာကြိုး များသွယ်တန်းသည့် မြောင်းဖြစ်သောကြောင့် မြို့တော် လျှပ်စစ်ဌာနမှ ယာယီမီးဖြတ်တောက်ပေးချိန်ကိုစောင့်ပြီးမှ ဆင်း၍ ကူညီခဲ့ရကြောင်းသိရှိရသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အခင်းဖြစ်ပြီနောက် နှစ်နာရီခန့်အကြာတွင် ကယ်ထုတ်နိုင်ခဲ့သော်လည်း သန့်ရှင်းရေး လုပ်သားနှစ်ဦးမှာ အသက်ဆုံးရှုံးနေပြီဖြစ်ကြောင်းသိရသည်။
ဓာတ်လိုက်သေဆုံးသူ မြန်မာလုပ်သားနှစ်ဦးမှာ အသက် ၄၇ နှစ်အရွယ် ဦးမင်းလွင်ဝင် နှင့် အသက် ၃၀ အရွယ်ခန့်ရှိကိုလင်းနိုင် ဆိုသူဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
အခြား သန့်ရှင်းရေးအလုပ်သမားများ က သေဆုံးသူနှစ်ဦးမှာသန့်ရှင်းရေးလုပ်ရန် အောက်သို့ လှေခါးဖြင့်ဆင်းခဲ့ရာ ၅ မိနစ်အကြာတွင် မီးဓာတ်လိုက်သည်ဟု အော်ဟစ်သံကြားသဖြင့် သွားကြည့်ရာ မြောင်းအောက်ခြေတွင် ငြိမ်သက်နေသည့် လုပ်ဖော်ကိုင်ဖက်၂ ဦးကိုတွေ့ရှိရကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရသိရသည်။















