၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ အရေအတွက်ကို Unicef Myanmar က အစီ ရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိပြီး ယမန်နှစ်ထက် ပိုများလာ ကြောင်း Unicef Myanmar ၏ ထုတ်ပြန် သော အစီရင်ခံစာအရ သိရသည်။
၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်း များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ၁၀၈၂ ဦး ရှိသည့်အတွက် လူဦးရေ ၃၀ ထိခိုက်သေဆုံးမှု ပိုများလာခြင်း ဖြစ်သည်။
Unicef Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက် နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၆၅၁ ခု ရှိခဲ့ပြီး အရပ်သား ၁၆၅ ဦး သေဆုံးကာ ၉၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။
အရပ်သားထိခိုက်သေဆုံးမှုတွင် အမျိုး သား ၈၁ ဦးနှင့် အမျိုးသမီး ၂၅ ဦး သေဆုံးပြီး အမျိုးသား ၄၆၁ ဦးနှင့် အမျိုးသမီး ၂၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက် နက်ပစ္စည်းများကြောင့် ကလေးသူငယ် ၅၉ ဦး သေဆုံးပြီး ၂၅၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိသည့်အနက် ကလေးသူငယ် ၃၁၄ ဦး ပါ ဝင်ကြောင်း Unicef Myanmar ၏ ထုတ် ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသည့် ကလေးသူ ငယ် ၂၂၆ ဦးသာရှိသော်လည်း ၂၀၂၄ ခုနှစ် တွင် ၃၁၄ ဦးရှိသည့်အတွက် ကလေးသူငယ် ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာခဲ့ သည်။
Unicef Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံး သူ အများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီးက ဒုတိယနှင့် ရခိုင်ပြည်နယ် က တတိယနေရာတွင် ရှိနေသည်။
ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ် သား ၃၁ ဦး သေဆုံးပြီး ၂၂၅ ဦး ဒဏ်ရာရရှိခဲ့ သည့်အတွက် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း Unicef Myanmar က ဆို သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ ကြောင့် အရပ်သား ၃၀ သေဆုံးပြီး ၁၅၆ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်သေဆုံးသူ စုစု ပေါင်း၏ ၁၇ ရာခိုင်နှုန်း ရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား ၂၆ ဦး သေဆုံးပြီး ၁၀၄ ဦး ဒဏ်ရာ ရရှိသဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း Unicef Myanmar က ထုတ် ပြန်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၂၉၅ ခု ရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၁၀ ရှိကာ ထိခိုက် သေဆုံးသူ စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းရှိခဲ့ ကြောင်း Unicef Myanmar က ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေမြှုပ် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းသည် ကလေးသူ ငယ်များလည်း ဖြစ်ကြောင်း Unicef Myanmar က ထုတ် ပြန်သည်။
၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ခဲ့သည့် မြန်မာ
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေ မြှုပ်မိုင်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက် သေဆုံးသူ အများဆုံးဖြစ်ခဲ့ကြောင်း မြေမြှုပ် မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါအချက်အလက်သည် မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံး နေရာတွင် သုံးနှစ်ဆက် ရပ်တည်ခဲ့သည့် ဆီး ရီးယားနိုင်ငံကို မြန်မာနိုင်ငံက ကျော်လွန်၍ ထိပ်ဆုံးသို့ ရောက်လာခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိရာတွင် မြန်မာနိုင်ငံမှ ထိခိုက် သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံ တွင် မြေမြှုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်း များကြောင့် လူပေါင်း ၁၉၈၈ ဦး သေဆုံးခဲ့ပြီး ၃၆၆၃ ဦး ဒဏ်ရာရရှိကာ ထိုအရေအတွက် သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ် သည်။
ထိခိုက်သေဆုံးသူစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာ ခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
မြေမြှုပ်မိုင်းများနှင့် ဆက်နွှယ်သည့် ထိခိုက်၊ သေဆုံးသူအားလုံးကို မှတ်တမ်းတင် နိုင်ခဲ့ခြင်းမရှိသဖြင့် အမှန်တကယ် ထိခိုက် သေဆုံးသူအရေအတွက်သည် ပိုမိုများပြား နိုင်ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေးအဖွဲ့က ပြောကြား သည်။
လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အတူ ကျွဲကူးရေပါ မြေမြှုပ်မိုင်း
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လက်နက် ကိုင်ပဋိပက္ခများ ယခင်ကထက် ပိုမိုကျယ်ပြန့် စွာ ဖြစ်ပွားလာသည်။
လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသ ကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက် ကိုင်ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေ သည်။
တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အတူ ကျွဲကူးရေပါဆိုသလို မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် အရပ်သား ပြည်သူများအနေဖြင့် အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာရရှိခြင်းများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစား နေရသည်။
ယခင်က လက်နက်ကိုင်ပဋိပက္ခ မရှိ သည့် တိုင်းနှင့် ပြည်နယ်များတွင်ပါ လက်နက် ကိုင်ပဋိပက္ခများ ပြင်းထန်လာသဖြင့် မြေမြှုပ် မိုင်းအန္တရာယ်မှာလည်း စိုးရိမ်ရသည့်အခြေ အနေသို့ ရောက်ရှိလာသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း အဓိက ဇာတ်ဆောင်များဖြစ်ကြသည့် လက်နက်ကိုင် အဖွဲ့အသီးသီးက မြေမြှုပ်မိုင်းမျိုးစုံ အသုံး ပြုလျက်ရှိကြသည်။
မြေမြှုပ်မိုင်းအန္တရာယ် မြင့်မားလာမှုနှင့် အတူ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးပြီး သားကောင်ဖြစ်ခဲ့ ရသည့် အရပ်သားအရေအတွက်မှာ နှစ်စဉ် ရာဂဏန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ထောင် ဂဏန်းကျော် ရှိလာသည်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (Unicef) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြေ မြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်သေ ဆုံးသူ ၂၈၀၈ ဦး ရှိခဲ့သည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ
နှစ်စဉ်မြင့်တက်လာခြင်း မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံး သူ ၁၀၅၂ ဦး ရှိကြောင်း ကုလသမဂ္ဂအပြည် ပြည်ဆိုင်ရာကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ Unicef Myanmar က ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးဆို သည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့် ယှဉ်လျှင် ထိခိုက်သေဆုံးသူအရေအတွက် သုံးဆနီးပါး မြင့်တက်လာခြင်းလည်း ဖြစ် သည်။
၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် သည် ၃၉၀ သာရှိမှ ၂၀၂၃ ခုနှစ်တွင် ၁၀၅၂ ဦးအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရ သည်။
၂၀၂၂ ခုနှစ်အတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း များ ပေါက်ကွဲမှုဖြစ်စဉ် ၂၂၉ ခုသာရှိသော် လည်း ၂၀၂၃ ခုနှစ်တွင် ၅၉၉ ခုအထိ မြင့် တက်လာသောကြောင့် သုံးဆနီးပါး မြင့်တက် လာခဲ့သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများကြောင့် သေဆုံးသူ ၁၀၂ ဦး သေ ဆုံးကာ ၂၈၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် သေဆုံးသူ ၁၈၈ ဦးအထိ ရှိလာကာ ၈၆၄ ဦးအထိ ဒဏ်ရာရရှိခဲ့သည့်အတွက် သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရရှိသူ အရေအတွက်လည်း မြင့်တက်လာသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကို ယှဉ် ကြည့်လျှင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက် သေဆုံးသူအရေအတွက် သိသိသာသာမြင့် တက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိပြီး ၂၀၂၂ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၂၂၉ ခုသာရှိ သည့်အတွက် ကွာဟမှုမှာ ကြီးကြီးမားမား မရှိခဲ့ပေ။
ထို့အတူ ၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရေ အတွက် ၂၈၄ ဦးရှိပြီး ၂၀၂၂ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက် ၃၉၀ သာ ရှိသည့်အတွက် အနည်းငယ်သာမြင့်တက် သည်ဟု ဆိုနိုင်သည်။
သို့သော် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ အရေ အတွက်နှင့် ယှဉ်လျှင်လည်း ၂၀၂၃ ခုနှစ် တွင် လေးဆခန့်မြင့်တက်လာသည်ကို တွေ့ ရသည်။
၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်မှာ ၂၈၄ ဦးသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက်မှာ ၁၀၅၂ ဦးရှိသည့်အတွက် လေးဆနီးပါး မြင့်တက် လာခြင်းလည်း ဖြစ်သည်။
မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲများဖြစ် စဉ်များကို ကြည့်မည်ဆိုလျှင်လည်း ၂၀၂၁ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိရာ မှ ၂၀၂၃ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၅၉၉ ခု အထိရှိလာသည့်အတွက် သုံးဆကျော် မြင့် တက်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း အဖွဲ့အစည်းအသီးသီးမှ မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ် သောလက်နက်များ အသုံးပြုမှုကြောင့် ကလေး များအပါအဝင် အရပ်သားသေဆုံးမှုမှာ စိုး ရိမ်ဖွယ် တိုးလာနေကြောင်း UNICEF က သတိပေးထားသည်။
လက်ရှိတွင် နေပြည်တော် ကောင်စီနယ် မြေမှအပ တိုင်းနှင့် ပြည်နယ်အားလုံးနီးပါး၌ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ သည် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ်အကြီးမားဆုံးနိုင်ငံတွင် ပါဝင်နေ သည်ဟု UNICEF က ဆိုသည်။
မိုင်းအန္တရာယ်အကြီးမားဆုံးခံစားရ သည့် ဒေသမှာ စစ်ကိုင်းတိုင်း ဖြစ်ပြီး ရှမ်းပြည် နယ်၊ ပဲခူးတိုင်းအပါအဝင် ကျန်တိုင်းနှင့်ပြည် နယ်များတွင်လည်း အန္တရာယ်ရှိကြောင်း သတိ ပေးထားသည်။
မြေမြှုပ်မိုင်းကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှု နှစ်စဉ်မြင့်တက်နေ
UNICEF ၏ အစီရင်ခံစာအရ နိုင်ငံ တစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေ ဆုံးခဲ့သည့် ကလေးသူငယ်အရေအတွက် မှာလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက် သေဆုံးသူ ၂၈၀၈ ဦး ရှိခဲ့သည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ကလေးသူငယ် ၁၉ ဦး သေဆုံးပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကလေးသူငယ် ၃၅ ဦး သေဆုံးပြီး ၁၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကလေးသူ ငယ် ၅၉ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ကလေး သူငယ် ၅၉ ဦး သေဆုံးပြီး ၂၅၅ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း UNICEFင်္ က ထုတ်ပြန်ထား သည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၂၈၄ ဦးထဲ၌ ကလေးသူငယ် ၁၃၃ ဦးရှိသည့် အတွက် ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တွင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိ ခိုက်သေဆုံးခဲ့သည့် အရပ်သား ၃၉၀ ထဲ၌ ကလေးသူငယ် ၇၇ ဦး ရှိ သည့်အတွက် ၃၄ ရာ ခိုင်နှုန်း ရှိခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၁၀၅၂ ဦးထဲတွင် ကလေးသူငယ် ၂၂၆ ဦး ရှိသည့်အတွက် လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်းနီးပါး) ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၁၀၈၂ ဦးထဲ တွင် ကလေးသူငယ် ၃၁၄ ဦး ရှိသည့်အတွက် ၂၉ ရာခိုင်နှုန်းရှိ ကြောင်း ဖော်ပြထားသည်။
UNICEF ၏ အစီရင်ခံစာအရ နိုင်ငံ တစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံး ခဲ့သည့် ကလေးသူငယ်ဦးရေ တစ်နှစ်ထက် တစ်နှစ် မြင့် တက်လာသည်ကို တွေ့ရှိရသည်။
၂၀၂၄ ခုနှစ်မှာလည်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ဦးမှာလား
မြန်မာ၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီး ယားတို့သည် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နေ ကြောင်း စွပ်စွဲခံခဲ့ရပြီး ထိုနိုင်ငံများသည် မြေ မြှုပ်မိုင်းများ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြု မှုကို တားမြစ်ထားသည့် နိုင်ငံတကာသဘော တူညီချက်ဖြစ်သည့် အော့တဝါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေ။
ထိုစာချုပ်တွင် ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းကို တားမြစ်ခဲ့ပြီး နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ အစ္စရေးနှင့် ရုရှားတို့အပါအဝင် အင်အားကြီးနိုင်ငံများ ပါဝင်ခဲ့ခြင်းမရှိပေ။
ဂါဇာ၊ ကိုလံဘီယာ၊ အိန္ဒိယ၊ မြန်မာနှင့် အာဖရိက၏ ဆာဟယ်ဒေသများကဲ့သို့ ပဋိပက္ခ များအတွင်း လက်နက်ကိုင်အဖွဲ့များအပါအဝင် သြည ှအအေနျ ခေအသမ များကြောင့် မြေမြှုပ်မိုင်းအသုံးပြုမှုများတွင် အရှုပ်အထွေးပြဿနာ များ ဖြစ်ပွားစေခဲ့ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအန္တရာယ် ကြောင့် တစ်နှစ်ထက်တစ်နှစ် အရပ်သား ထိခိုက် သေဆုံးမှု မြင့်တက်လာသည့်အတွက် လက်နက် ကိုင်ပဋိပက္ခ အတွင်း ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့များအနေဖြင့် လက်နက်ကိုင် အသုံး ပြုမှုများကို ရပ်တန့်ရန်နှင့် အထူးသဖြင့် အရပ် သားပြည်သူများ နေထိုင်သော နေရာများတွင် မလုပ်ကြရန် ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (့ြဥဃံဗ) က ပန် ကြားထားသည်။
သို့သော် နိုင်ငံတကာအဖွဲ့အစည်းများ ၏ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် တစ်နှစ် ထက်တစ်နှစ် မြေမြှုပ်မိုင်းအန္တရာယ် ပိုမို ကြီးထွားလာခြင်းသည် ငြင်းမရသည့် အချက် တစ်ချက်လည်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ လက်နက် ကိုင်ပဋိပက္ခများက ပိုမိုကျယ်ပြန့်နေသည့်အ တွက် လာမည့်နှစ်များတွင်လည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အရပ်သားထိခိုက် သေဆုံးမှုနှုန်း ပိုမိုမြင့်တက်လာဖွယ်ရှိနေ ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိကြသည်။










