ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာသံအဆိုတော် ခင်ညွန့်ရီ၏ နာရေးအား ရေဝေးသုသာန်တွင် ပြုလုပ်မည်

ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာသံအဆိုတော် ခင်ညွန့်ရီ၏ နာရေးအား ရေဝေးသုသာန်တွင် ပြုလုပ်မည်
Published 21 February 2025

ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့်မြန်မာသံအဆိုတော် ခင်ညွန့်ရီ၏ နာရေးအား ရေဝေးသုသာန်တွင်ပြုလုပ်မည်ဖြစ်ကြောင်း သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က ပြောကြားသည်။

“ဂန္ထဝင်တေးသံရှင် ခင်ညွန့်ရည် မေမေ(အညာသူကြီး) ကို ၂၂.၂.၂၀၂၅ စနေ နေ့လယ် ၁ နာရီမှာ ရေဝေးသုသာန်၌ မီးသဂြိုဟ်ပါမည် အညာသူကြီးကိုချစ်ကြသောချစ်ရသူများ ပရိတ်သတ်များ ကိုညှိုးငယ်စွာအသိပေးအပ်ပါသည်ရှင်” ဟု သမီးဖြစ်သူက အသိပေးသည်။

အသက် ၇၄ နှစ်ရှိ မြန်မာသံအဆိုတော် ခင်ညွန့်ရီမှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်တွင် တက်ရောက်ကုသနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက်တွင် နာရေးကူညီမှုအသင်းက အလောင်းအား ရန်ကုန်ဆေးရုံကြီးမှတစ်ဆင့် ကူညီသယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဒီမနက်ပဲ နာရေးကူညီမှုအသင်းကားနဲ့ ကိုထွန်းကိုကိုတို့က သယ်ဆောင်ခဲ့ပါတယ်” ဟု အဆိုတော် အိုပြည့်ရှင်က ပြောကြားသည်။

အဆိုတော် ခင်ညွန့်ရီမှာ ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါကု ဌာနတွင် တက်ရောက်ကုသမှုခံယူနေခြင်းဖြစ်ပြီး ဆေးရုံတက်ပြီး ရက် ၂၀ ကျော်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံအဆိုတော် ခင်ညွန့်ရီမှာ ယခင် ကက်ဆက်ခွေခေတ်တွင် ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့ပြီး ပရိတ်သတ်အခိုင်အမာရရှိခဲ့သူတစ်ဦးဖြစ်သည်။

ဆောင်းအမီ၊ တိမ်ပလီနွေနှောင်း၊ လက်ပံပွင့်ကောက်အရောက်လာမယ်၊ ချစ်တံခြူရှင်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ် အစရှိသည့် တေးသီချင်းများမှာ မြန်မာသံပရိတ်သတ်များအကြားတွင် ရေပန်းစားခဲ့သည့် သီချင်းများလည်း ဖြစ်သည်။

Most Read

Most Recent