တောင်ကိုရီးယားသမ္မတယွန်းက စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးမှုခံယူရန် တရားခွင်သို့တက်ရောက်

တောင်ကိုရီးယားသမ္မတယွန်းက စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးမှုခံယူရန် တရားခွင်သို့တက်ရောက်
ဖေဖော်ဝါရီ ၁၃ ရက်က ဆိုးလ်မြို့တော်ရှိ အခြေခံဥပဒေဆိုင်ရာတရားရုံးတွင် ကြားနာစစ်ဆေးမှုခံယူနေသည့် တောင်ကိုရီးယားသမ္မတယွန်းကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၃ ရက်က ဆိုးလ်မြို့တော်ရှိ အခြေခံဥပဒေဆိုင်ရာတရားရုံးတွင် ကြားနာစစ်ဆေးမှုခံယူနေသည့် တောင်ကိုရီးယားသမ္မတယွန်းကို တွေ့ရစဉ်(Photo: AFP)
Published 13 February 2025

တောင်ကိုရီးယားသမ္မတယွန်းဆော့ယိုသည် စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာတရားရုံးတွင် ကြားနာစစ်ဆေးမှုခံယူရန် ဖေဖော်ဝါရီ ၁၃ ရက်က တရားခွင့်သို့ တက်ရောက်ခဲ့သည်။

ထိုကြားနာစစ်ဆေးမှုသည်၎င်း၏ အောင်မြင်ခဲ့ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုနှင့်ပတ်သက်ပြီး ၎င်းအား သမ္မတရာထူးမှဖယ်ရှားမည်ဟုတ်၊မဟုတ် တရားသူကြီးများကမဆုံးဖြတ်မီ နောက်ဆုံး အကြိမ်ပြုလုပ်သည့် ကြားနာစစ်ဆေးမှုဖြစ်ဖွယ်ရှိသည်။

အစိုးရရှေကနေဟောင်းတစ်ဦးဖြစ်သည့်ယွန်းသည် ဆိုးလ်မြို့တော်ရှိ အခြေခံဥပဒေဆိုင်ရာ တရားရုံးတွင် ဆက်တိုက်ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှုများတွင် ၎င်း၏လုပ်ဆောင်မှုအတွက် ကာကွယ်ပြောဆိုခဲ့ပြီး   ဒီဇင်ဘာလကအရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့သည့်၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုအတွက် အတိုက်အခံများကိုသာ အပြစ်ပုံချခဲ့သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီး လွှတ်တော်ကို စစ်သားများစေလွှတ်ခဲ့သည်။

သို့သော် လွှတ်တော်က ယွန်း၏စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုကို မဲခွဲပြီးပယ်ချခဲ့သည်။ ထို့နောက် ယွန်းသည် နာရီပိုင်းအကြာတွင် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရက်ပိုင်းအကြာမှာပင် ယွန်းကလွှတ်တော်ကစွပ်စွဲပြစ်တင်ခဲ့ပြီး ပြီးခဲ့သည့်လအတွင်း ယွန်းသည် ရာထူးလက်ဝယ်ရှိနေချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် ပထမဆုံးတောင်ကိုရီးယားသမ္မတဖြစ်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကြားနာစစ်ဆေးမှုကို လူအများက မျှော်လင့်ထားကြသော်လည်း ထိုကြားနာစစ်ဆေးမှုသည် နောက်ဆုံးအကြိမ်ဖြစ်နိုင်သော်လည်း တရားဝင်အတည်ပြုထားခြင်းမရှိသေးပေ။

တရားသူကြီးများသည် ကြားနာစစ်ဆေးမှုများကို အဆုံးသတ်ပြီးချိန်တွင် ယွန်းအားရာထူးမှ ဖယ်ရှားရန်သင့်၊ မသင့်ကို တံခါးပိတ်ဆွေးနွေးကြမည်ဖြစ်သည်။

အစိုးရရှေ့နေများကမူ ထိုအမှုကိုစီရင်ချက်ချရန် အချိန်အခါသင့်နေပြီဖြစ်ကြောင်းနှင့် စွပ်စွဲပြစ်တင်မှုအတွက် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေမည်ဟု ဆိုသည်။

ယွန်း၏ ရှေ့နေဖြစ်သူ ယွန်းကက်ကွမ်ကမူ ယွန်း၏အမှုကို တရားဥပဒေနှင့်မညီဘဲမျှတမှုမရှိသည့်ပုံစံဖြင့် ကြားနာစစ်ဆေးမှုကို ဆက်လက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယွန်း၏ တရားရေးအဖွဲ့ကကြားနာစစ်ဆေးမှုကို ဆက်လက်ပြုလုပ်မည်ဆိုပါက ကြီးမားသည့် ဆုံးဖြတ်ချက်ကို ချရလိမ့်မည်ဟုသတိပေးထားသော်လည်း မည်ကဲ့သို့လုပ်ဆောင်မည်ဆိုခြင်းကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိပေ။

ကြားနာစစ်ဆေးမှုကို အဆုံးသတ်ပြီးပါက စီရင်ချက်ချမှတ်သည့် လုပ်ငန်းစဉ်အတွက် သီတင်းနှစ်ပတ်ခန့် ကြာမြင့်နိုင်မည်ဖြစ်သည်။

ယခင်က စွပ်စွဲပြစ်တင်ခံခဲ့ရသည့် သမ္မတပတ်ဂွမ်ဟေး၏အမှုကို စီရင်ချက်ချရန်အချိန် ၁၁ ရက်ကြာမြင့်ခဲ့ပြီး သမ္မတရိုမူး ဟွမ်၏အမှုကို စီရင်ချက်ချရန် အချိန် ၁၄ ရက်ကြာမြင့်ခဲ့သည်။

အကယ်၍ တရားရုံးက ယွန်းအားလွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့မည်ဆိုပါက သမ္မတသစ်တစ်ဦးရွေးချယ်ရန် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲပြုလုပ်ရမည်ဖြစ်သည်။

တရားရေးကျွမ်းကျင်သူများကမူ အခြေခံဥပဒေဆိုင်ရာတရားရုံး၏ တရားသူကြီးများသည် ယွန်းအားစွပ်စွဲပြစ်တင်မှုကို အတည်ပြုဖွယ်ရှိနေကြောင်း ယူဆထားကြပြီး နိုင်ငံရေးအခြေအနေများက တရားစီရင်မှုကို ဂယက်ရိုက်ခတ်နိုင်သည့်အခြေအနေကိုလည်း သတိပေးထားကြောင်း ကိုရီးယားဥပဒေတက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးဖြစ်သူ ကင်ဟွမ်ဂျွန်က ပြောကြားခဲ့သည်။            Ref: AFP

Most Read

Most Recent