ကိုရီးယားနှစ်နိုင်ငံရှိ ကွဲကွာနေသည့် မိသားစုများပြန်လည်ဆုံစည်းရေးစင်တာကို ဖျက်ဆီးခဲ့သည့် မြောက်ကိုရီးယား၏ လုပ်ရပ်သည်လူမဆန်ကြောင်း တောင်ကိုရီးယားက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲအပြီး ညီအစ်ကိုမောင်နှမများ၊ မိဘများနှင့် ကလေးများ၊ဇနီးမောင်နှံများအပါအဝင်သန်းနှင့်ချီသည့် ကိုရီးယားနိုင်ငံသားများသည် တောင်နှင့်မြောက် ကွဲကွာသွားခဲ့သည်။
ထိုစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ထားခြင်းမဟုတ်ဘဲ စစ်ရပ်ဆိုင်းရေးစာချုပ်ဖြင့်သာ အဆုံးသတ်ထားသဖြင့် ကိုရီးယားနှစ်နိုင်ငံသည် သဘောတရားအရစစ်ပွဲဖြစ်ပွားနေသည့် အခြေအနေမှာပင် ရှိနေဆဲဖြစ်ပြီးနှစ်နိုင်ငံပြည်သူများ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအားလုံးကို တားမြစ်ထားသည်။
မြောက်ကိုရီးယား၏ ကမ်ဂန်တောင်ပေါ်တွင် ဖွင့်ထားသည့် ကွဲကွာနေသည့် မိ သားစုများပြန်လည်ဆုံစည်းသည့်စင်တာသည် မိသားစုများကွဲကွာရသည့် ပူဆွေးသောကများကို သက်သေပြသည့်နေရာတစ်ခုဖြစ်ခဲ့သည်။
သို့သော် ကွဲကွာနေသည့်မိသားစုများ ပြန်လည်ဆုံတွေ့ရေးသည် ကိုရီးယားနှစ်နိုင်ငံအကြား ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေများအပေါ်တွင် မူတည်နေသည်။
မြောက်ကိုရီးယားကမူ မိသားစုများပြန်လည်ဆုံတွေ့ရေးအစီအစဉ်ကို ဆွေးနွေးညှိနှိုင်းရေး လက်ကိုင်တုတ်အဖြစ် အသုံးချခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံကြား ကွဲကွာနေသည့် မိသားစုများ ပြန်လည်တွေ့ဆုံမှုသည် ၂၀၁၈ ခုနှစ်က နောက်ဆုံးအကြိမ်ဖြစ်ခဲ့သည်။
“ကမ်ဂန်တောင် ပြန်လည်ဆုံစည်းရေးစင်တာကို ဖြိုချလိုက်တာဟာ ကွဲကွာနေတဲ့ မိသားစုတွေရဲ့ လေးနက်တဲ့ ဆန္ဒတွေကိုချိုးဖျက်လိုက်တဲ့ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်”ဟု တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်း ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထိုကဲ့သို့သောလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်ကိုရီးယားက ခိုင်မာစွာတောင်းဆိုကြောင်းနှင့် ထိုလုပ်ဆောင်မှုအတွက် အလွန်ဝမ်းနည်းကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူကဆိုသည်။
“မြောက်ကိုရီးယားရဲ့ တစ်ဖက်သတ်ဆန်တဲ့ လုပ်ဆောင်မှုဟာ ဘယ်လိုအကြောင်းပြနဲ့မဆို တရားမျှတမှုရှိတယ်လို့ မပြောနိုင်ပါဘူး။ မြောက်ကိုရီးယားအာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေအတွက် အပြည့်အဝတာဝန်ယူရပါမယ်”ဟု ၎င်းကဆိုသည်။
၁၉၈၈ခုနှစ်ကစပြီး တောင်ကိုရီးယားနိုင်ငံသား ၁၃၀၀၀၀ သည် ၎င်းတို့၏ ကွဲကွာနေသည့် မိသားစုဝင်များအကြောင်းကို စာရင်းပေးသွင်းခဲ့သည်။
၂၀၂၄ ခုနှစ်အထိ အဆိုပါစာရင်းသွင်းထားသည့် မိသားစုဝင်များအနက် ၃၆၀၀၀ ခန့်သည် မြောက်ကိုရီးယားတွင် သက်ရှိထင်ရှားရှိနေသေးကြောင်း တရားဝင်မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
ကွဲကွာနေသည့် မိသားစုဝင်များ၏ ၇၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများသက်ရှိထင်ရှား ရှိိ၊ မရှိဆိုခြင်းကိုမသိရကြောင်း ပြောကြားခဲ့သည်။
ကွဲကွာနေသည့် ကိုရီးယားမိသားစုများ ဆိုင်ရာအသင်းကမူ သမ္မတယွန်းဆော့ယို လက်ထက်တွင် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဆိုးရွားခဲ့သည်ဟု ဝေဖန်ခဲ့သည်။
Ref: AFP














