ဥရောပနှင့်အမေရိကန်တို့ကြား ကုန်သွယ်ရေးစစ်ပွဲတွင် မည်သူမှအနိုင်ရလိမ့်မည်မဟုတ်ဟု အီးယူနိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ခါယာခဲလက်စ်က သတိပေးလိုက်သည်။
ဖေဖော်ဝါရီ ၂ ရက်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဥရောပထုတ်ကုန်များကို သွင်းကုန်ခွန်တိုးကောက်မှု မကြာခင်လာမည်ဟု ပြောကြားလိုက်ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ခါယာခဲလက်စ်က ဘယ်လ်ဂျီယံနိုင်ငံ ၊ ဘရပ်ဆဲလ်မြို့တွင်ပြုလုပ်မည့် ကာကွယ်ရေးဆိုင်ရာ ဥရောပခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမကျင်းပမီ မီဒီယာသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဥရောပဘက်မှာလည်း အဲဒီအတွက် ပြင်ဆင်နေပါတယ်။တကယ်လို့ အမေရိကန်ဘက်က ကုန်သွယ်ရေးစစ်ကို စလိုက်ပြီဆိုရင် နောက်ဆုံးမှာအကျိုးရှိသွားမှာက တရုတ်ပါ။ ကျွန်မတို့က အပြန်အလှန်မှီခိုနေတာပါ။ ဥရောပက အမေရိကကိုလိုအပ်သလို အမေရိကကလည်း ဥရောပကိုလိုအပ်တယ်” ဟု ခဲလက်စ်ကထောက်ပြခဲ့သည်။
ကနေဒါနှင့်မက္ကဆီကိုမှ သွင်းကုန်များကို အခွန်၂၅ ရာခိုင်နှုန်းကောက်ခံရန် ထရန့်က ညွှန်ကြားထားသော်လည်း ညွှန်ကြားချက်စတင်အသက်မဝင်မီ ၂၄ နာရီအတွင်း ခေါင်းဆောင်အချင်းချင်း သဘောတူညီမှုရပြီး ယင်းနှစ်နိုင်ငံအတွက် အခွန်ကောက်မည့်အစီအစဉ်ကို ရက် ၃၀ ဆိုင်းငံ့လိုက်သည်။
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး ၊ မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိုင်းဘမ်းတို့ ထရန့်နှင့်ဆက်သွယ်ဆွေးနွေးမှုအတွင်း အမေရိကန်သို့ တရားမဝင်ရွှေ့ပြောင်းသူများနှင့် ဖန်တနိုင်းမူးယစ်ဆေးများ ဝင်ရောက်နေမှုကိုဟန့်တားရန် နယ်စပ်လုံခြုံရေးတိုးမြှင့်ပေးမည်ဟု သဘောတူခဲ့ကြသည်။ မက္ကဆီက ၎င်းနယ်စပ်သို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ လွှတ်ပေးမည်ဟု သဘောတူထားသည်။
တရုတ်သွင်းကုန်များကို အခွန် ၁၀ ရာခိုင်နှုန်းကောက်မည့် ထရန့်၏အမိန့်ကမူ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်အသက်ဝင်လာပြီဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ တကျော့ပြန်အားကောင်းလာမည့် အလားအလာရှိနေသည်။
■Ref: Anadolu Agency
■Photos : Anadolu Agency & CNN















