စာပေဓာတ်ခွဲခန်းမှ ပေါ်ထွက်လာသော အသီးအပွင့်တစ်ခုရဲ့ နောက်ဆုံးခရီး
“ ကြည့်ရှုပြီးသူများ၊ ဂါရဝပြုပြီးသူများ ဒီဘက်က ပြန်ထွက်ပေးပါ။ ကူညီပေးပါခင်ဗျာ”
“ဆရာကြီး ဆရာမကြီးတွေကို ဦးစား ပေးကြပါ။ ဆရာကြီးတို့ ရှေ့ဆုံးမှာ နေရာချ ပေးကြပါ”
“ဆရာတော်တွေ ကြွလာတော့မယ် နော်။ အပါး ၂၀၀ တဲ့။ နေရာတွေ ပြင်ထားပေး ဦး”
အဆိုပါအသံများမှာ မြန်မာစာပေလော က၏ ထင်ရှားသည့် ဆရာကြီးတစ်ဦးဖြစ်သည့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ၏ စျာပန အခမ်းအနားတွင် ကြားရသည့်အသံများဖြစ် သည်။
ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီတွင် ပြုလုပ်မည့် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ စျာပနတွင် မွန်းလွဲ ၂ နာရီခန့်ကတည်းက ပင် ရေဝေး သုသာန်၌ လူအများအပြားရောက် ရှိနေပြီဖြစ်သည်။
မြန်မာစာပေလောကတွင်ထင်ရှားသည့် စာရေးဆရာများဖြစ်သည့် ဆရာချစ်ဦးညို၊ ဆရာတင်ညွန့်၊ ဆရာမ နုနုရည် (အင်းဝ) အစရှိသူတို့အပြင် ရန်ကုန်တက္ကသိုလ်၊ ပညာ ရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များနှင့် အများပြည်သူ ရာဂဏန်းခန့်မှာလည်း စျာပနပြုလုပ်မည့် ရေဝေးသုသာန်တွင် ရောက် ရှိနေပြီလည်းဖြစ်သည်။
မြန်မာစာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သော ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) သည် ဇန်နဝါရီ ၂၇ ရက် ည ၁၂ နာရီခွဲက ရုတ်တရက် ကွယ်လွန်ခဲ့ ခြင်း ဖြစ်သည်။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကို ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက် ဧရာဝတီတိုင်းဒေသ ကြီး၊ ဓနုဖြူမြို့နယ်တွင် မွေးဖွားခဲ့ပြီး အမည် ရင်းမှာ ဦးခင်အေးဖြစ်သည်။
ဆရာကြီးသည် ၂၀၀၂ ခုနှစ်တွင် ဝန် ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ရန်ကုန် တက္ကသိုလ်က ဂုဏ်ထူး ဆောင်စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည်။
ဆရာကြီးသည် ၁၉၅၉ ခုနှစ်တွင် တက္က သိုလ်ဝင်တန်းကို မြန်မာစာ၊ သချင်္ာဂုဏ်ထူး များဖြင့် အောင်မြင်သည်။ မြန်မာတစ်နိုင်ငံ လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အောင် မြင်သည့်အတွက် ငွေတာရီရွှေတံဆိပ်နှင့် လှသမိန်ရွှေတံဆိပ် ချီးမြှင့်ခြင်းခံရသည့် အပြင် တက္ကသိုလ်ပညာသင်ဆုကိုလည်း ရရှိ သည်။
၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာ (အထွေထွေဂုဏ်ထူး) ဘွဲ့ရသည်။ ၁၉၆၃ ခုနှစ်တွင် ပုသိမ်ကောလိပ်၊ မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် များ၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ် ဒဂုံတက္ကသိုလ်စတင်ဖွင့်လှစ်ချိန်တွင် မြန်မာ စာဌာန၏ ကထိက (ဌာနမှူး) အဖြစ် တာဝန် ယူခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံတွင် မြန်မာစာ ဧည့်ပါ မောက္ခအဖြစ် ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် မြန်မာ စာဌာန၊ ပါမောက္ခဌာနမှူးအဖြစ် ဆောင်ရွက် ကာ အငြိမ်းစားယူခဲ့သည်။
ဆရာကြီး၏ ထင်ရှားသော စာအုပ်များ မှာ စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာ (၁၉၇၉)၊ ပြည်သူ့အတွက် မြန် မာစကားပြေ (၁၉၈၅)၊ မြန်မာစကား၊ မြန်မာ စာရုပ်ပုံလွှာ (၁၉၉၀၊ ၁၉၈၇ စာပေဗိမာန် စာမူဆု၊ သုတပဒေသာ ၀ိဇ္ဇာပထမဆု)၊ မြန်မာ ဘာသာစကား ပညာရှင်များနှင့် ဘာသာ စကားအမြင် (၁၉၉၂)၊ မေတ္တာနှလုံးသားပုံရိပ် များ (၁၉၉၇)၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူး ခြင်း (၁၉၉၇)၊ စကားသမုဒ္ဒရာ၊ စာသမုဒ္ဒရာ (၁၉၉၇)၊ တစ်သံ နှစ်သံ သုံးလေးသံ (၂၀၀၀)၊ သုတေသနလက်စွဲ (၂၀၀၁)၊ နှစ်လေးဆယ် ဘဝမှတ်တိုင်များ (၂၀၀၂၊ အမျိုးသားစာပေ ဆု၊ စာပဒေသာဆု) အစရှိသည့် စာအုပ်များ ရေးသားခဲ့သည်။
ဆရာကြီးမှာ ၁၉၇၉ ခုနှစ်မှစတင်ကာ စာအုပ်များ စတင်ရေးသားခဲ့ပြီး ကွယ်လွန်ချိန် အထိ စာအုပ်ပေါင်း ၁၃၃ အုပ် ရေးသားခဲ့ရာ ကလေးငယ်များအတွက်လည်း ကဗျာနှင့် ဝတ္ထုများ ရေးသားခဲ့သည်။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကွယ် လွန်ခြင်းမှာ မြန်မာစာပေလောကအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု ဆရာချစ် ဦးညိုက ပြောကြားသည်။
“ မြန်မာစာပေနယ်ပယ်ကြီးထဲ ဘယ်နေ ရာမှာ ဘာလိုအပ်သလဲ။ ရေးထုံးလား၊ သတ်ပုံ လား၊ အယူအဆလား၊ အသုံးအနှုန်းလား၊ အလင်္ကာလား၊ ရသလား စတဲ့လိုအပ်နေမှု၊ လွဲချော်နေမှု၊ အမှန်အတည့်နဲ့ ကွာဟနေမှု တွေကို မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး အဲဒါတွေအတွက် အမြဲဖြည့်သွင်းတည့်မတ် ပေးနေတဲ့ စေတနာပညာကြီးလှတဲ့ ဆရာကြီး တစ်ယောက်။ အခုတော့ ဧရာမကွက်လပ်ကြီး ဖြစ်သွားပြီ” ဟု ဆရာချစ်ဦးညိုက ပြောကြား သည်။
ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) မှာ မ ကွယ်လွန်မီ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင် ရဟန်းသံဃာတော်များကို မြန်မာစာပေနှင့် ပတ်သက်ပြီး သင်ကြားပို့ချခဲ့သူဖြစ်သည်ဟု နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် မှ မြန်မာစာဌာနမှူး ဆရာတော် ဒေါက်တာ ဣန္ဒောဘာသာဘိဝံသက မိန့်ကြားသည်။
“ဆရာကြီးက တက္ကသိုလ်မှာ ဓမ္မဒါနပြု တာ။ ဆရာကြီးက အမြတ်ဆုံးဖြစ်တဲ့ ဓမ္မဒါန ကို နှစ် ၂၀ ကျော်လုံးလုံး ပို့ချသွားတဲ့အတွက် သာသနာအတွက် အလွန်အင်မတန်ကျေးဇူး များပါတယ်” ဟု ဆရာတော် ဒေါက်တာ ဣ န္ဒောဘာသာဘိဝံသက မိန့်ကြားသည်။
ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) မှာ ဆရာကြီး နန္ဒသိန်းဇံ၏ စျာပနတွင် ဆရာ တော်၊ သံဃာတော်များက လိုက်ပါပို့ဆောင် ခဲ့သည့်မြင်ကွင်းကို တွေ့မြင်ချိန်ကတည်းက အားကျရွှင်လန်းခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။
“ဆရာကြီး နန္ဒာသိန်းဇံတုန်းက သူ (မောင်ခင်မင် (ဓနုဖြူ) လာတယ်တဲ့။ သံဃာ တော်အရှင်မြတ်တွေက အခုလိုပဲလာပြီးတော့ ၀ိုင်းကူပို့ကြတယ်။ ဆရာနန္ဒာသိန်းဇံလည်း တက္ကသိုလ်အတွက် ကျေးဇူးများတာကိုး။ သံဃာတော်အရှင်မြတ်တွေကို ပိဋကတ်တော် မှာလာတဲ့ ဓမ္မအသိဉာဏ်တွေကို ပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် အလွန်ကိုကျေးဇူးများတဲ့အတွက်ကြောင့် လာပို့ကြတယ်။ အဲဒီမြင်ကွင်းကိုမြင်တော့ ဆရာကြီးက သံဝေဂ ရတာထက် တက်ကြွတဲ့စိတ်တွေ၊ ရွှင်လန်း အားကျတဲ့စိတ်တွေပေါ်လာတယ်တဲ့။ သူသေ ရင်လည်း ဆရာတော်တွေက အဲဒီလိုပဲလာပြီး ပို့လိမ့်မယ်လို့ နှလုံးသွင်းပြီး ခဏခဏပြောပါ တယ်။ အဲဒါကြောင့်လည်း ဘုန်းကြီးတို့က ဆရာကြီးရဲ့ဆန္ဒကို ဖြည့်ကျင့်သောအားဖြင့် ဆရာကြီးရဲ့လိုအင်ဆန္ဒပြည့်ဝသွားအောင် အကုန်လုံး ပါမောက္ခချုပ်ကအစ ကြွပါတယ်။ အကုန်လုံး တစ်ကျောင်းလုံးက ကြွလာတာပါ။ ဆရာကြီးကို ချီးမြှောက်တာပါ” ဟု နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ မြန်မာစာ ဌာနမှူး ဆရာတော် ဒေါက်တာ ဣန္ဒောဘာသာဘိဝံသက မိန့်ကြားသည်။
ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)၏ စျာပနသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မှ ပါမောက္ခချုပ် ဆရာတော်အပါအဝင် ဆရာတော်၊ သံဃာတော်အပါး ၂၀၀ လိုက်ပါ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ခဲ့သည့် ဆရာကြီး မောင်ခင် မင် (ဓနုဖြူ) မှာ ကောင်းရာဘုံသို့ရောက်ရှိမည် ဟု ယုံကြည်ကြောင်း ဆရာတော်ကဆက်လက် မိန့်ကြားသည်။
“လွန်ခဲ့တဲ့ သုံးရက်ကပဲ ဇန်နဝါရီ ၂၄ ရက်က သူ့မွေးနေ့။ ၂၈ ရက်မှာ သူဆုံးတယ် ဆိုတော့ လေးရက်ပဲ။ မွေးနေ့ဆိုတာ အလွန် ကြီးမားတဲ့ ကုသိုလ် အာစိဏ္ဏကံပါ။ ကုသိုလ် အာစိဏ္ဏကံကြောင့် အာသဏ္ဏကန်ဖြစ်ပါ တယ်။ ကုသိုလ် အာသဏ္ဏကံကြောင့် ဆရာ ကြီးက ကောင်းရာဘုံကို ရောက်မယ်လို့ယုံ ကြည်ပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) မှာ စာ ပေဘက်တွင် ပညာရှင်တစ်ဦးဖြစ်ရုံသာမက စိတ်နေစိတ်ထား မြင့်မြတ်သူတစ်ဦးဖြစ်သည် ဟု စာပေပညာရှင်တစ်ဦးဖြစ်သည့် ဆရာကြီး ဒေါက်တာထွန်းတင့်က ပြောကြားသည်။
“စိတ်ထားအနေနဲ့ဆို လူချစ်လူခင်များ တယ်။ သူဘယ်သူ့ကိုမှ ရန်သူလိုသဘောမ ထားဘူး။ အဲဒါတွေက စိတ်ထားတွေပေါ့။ တကယ်နှမြောဖို့ကောင်းတယ်။ ဆရာတို့နဲ့ မကွယ်လွန်ခင် ညနေ ၂ နာရီလောက်တုန်းက အတူတူ အစည်းအဝေးထိုင်နေကြတာ။ ပြီး တော့ ညနေ ၃ နာရီထိုးခါနီးကျမှ လူစုခွဲလိုက် တာ။ သူလည်း သူ့အိမ်ပြန်ရင်း ဆရာကောင်း သန့်တို့ လာခေါ်သွားတော့ ပါသွားသေးတယ်။ ညကျမှ ဆုံးတာပေါ့။ မနက်ကျမှ ဆရာလည်း သတင်းကြားရတာ။ ကြားရတော့ ရင်ထဲတ လှပ်လှပ်ဖြစ်တယ်။ ယုံတောင်မယုံနိုင်ဘူး။ တကယ့်ကို လူတော်လူကောင်း၊ လူကောင်းလူ တော် တစ်ယောက်ကို ဆုံးရှုံးရတာ။ စိတ်ဓာတ် လည်းကောင်းတယ်။ တော်လည်းတော်တယ်” ဟု ဆရာကြီးဒေါက်တာထွန်းတင့်က ပြော ကြားသည်။
ဆရာကြီး၏ စျာပနသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သလို နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင် ကျော်နှင့် ဇနီးတို့ကလည်း လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သည်ကို တွေ့ရသည်။
ညနေ ၄ နာရီခန့်တွင်မူ ဆရာကြီး၏ ရုပ်အလောင်းကို သယ်ဆောင်လာပြီး မီးသ င်္ဂြိုဟ်ကာ ကျန်ရှိသည့် အရိုးပြာကို ရေဝေးသု သာန်၌ ဂူသွင်းခဲ့ကြသည်။
ဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ ‘စကား ပြေသဘောတရား စကားပြေအတတ်ပညာ’ စာအုပ်ထွက်ရှိချိန်တွင် မြန်မာစာပေလောက ၏ ဦးသျှောင်များဟု တင်စားခဲ့ကြသည့် ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတိုက်စိုး၊ ဆရာတက်တိုး၊ ဆရာငွေဥဒေါင်း၊ ဆရာ ဒဂုန် တာရာတို့က ချီးကျူးခဲ့ကြသည်။
ဗညားသီဟ (ဆရာကြီးဒဂုန်တာရာ)က မိုးဝေမဂ္ဂဇင်းတွင် ‘စာပေဓာတ်ခွဲခန်းမှ ပေါ်ထွက်လာသော အသီးအပွင့်တစ်ခု’ ဟု ချီးကျူးခဲ့သည့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ၏ နောက်ဆုံးခရီးတွင် သူဖြစ်ချင်ခဲ့သည့် ဆန္ဒအတိုင်း ထပ်တူကျခဲ့လေပြီဖြစ်သည်။
တောမြင် လွမ်း
တောင်မြင် လွမ်း
ကြယ်မြင် လွမ်း
လမြင် လွမ်း
အလွမ်းမြိုင်
လွမ်းခိုင်ဖွေးလှုပ်
အလွမ်းရုပ်နှင့်
ကျွန်ုပ်
ငုတ်တုတ်ထိုင်နေပါရစေ
ဆရာရေ . . .။
ဟု စာပေပညာရှင် ကိုလေး(အင်းဝဂုဏ် ရည်) က ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ၏ ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး ရေးဖွဲ့ခဲ့လေ သည်။










