မြန်မာကျောင်းသားများအတွက် ပေးအပ်သည့် DISP ပညာတော်သင်ဆုကို အမေရိကန် ရပ်ဆိုင်း

မြန်မာကျောင်းသားများအတွက် ပေးအပ်သည့် DISP ပညာတော်သင်ဆုကို အမေရိကန် ရပ်ဆိုင်း
Published 30 January 2025
Ref: DOGE

နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန်အေဂျင်စီ USAID  မှ မြန်မာနိုင်ငံအတွက် ပေးအပ်နေသည့်  Diversity and Inclusion Scholarship Program (DISP) ခေါ် မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသည့် ပညာတော်သင်ဆုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီလွန်မတ်စ်ဦးဆောင်သည့် Department of Government Efficiency (DOGE) က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 

USAID ၏ကမ္ဘာတစ်ဝန်း ထောက်ပံ့မှုအားလုံးကိုရပ်ဆိုင်းရန် ညွှန်ကြားခဲ့ရာတွင် DISP ပညာတော်သင်ဆုအစီအစဉ် လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၉ ရက်နေ့က သမ္မတဒေါ်နယ်ထရန့်၏ကြေညာချက်များတွင်  မြန်မာနိုင်ငံအတွက် ပညာတော်သင်ဆုထောက်ပံ့မှုကို ပိတ်ပင်ကြောင်း ထည့်သွင်းကြေညာခဲ့သည်။

“ မြန်မာ နိုင်ငံ အတွက် ပညာသင်တော်ဆု ဒေါ်လာ ၄၅ သန်းကို ပိတ်လိုက်ပါပြီ။ ဒါဟာမြန်မာကို ပညာတော်သင်ဆုပေးတာ တော်တော်များတဲ့ပမာဏပါ” ဟု ထရန့်ကပြော ကြားသည်။

အီလွန်မတ်စ်ဦးဆောင်သည့် Department of Government Efficiency သည် အစိုးရအသုံးစရိတ်များ ထိရောက်မှုရှိရေးအတွက် သမ္မတထရန့်လက်ထက် အသစ်ဖွဲ့စည်းလိုက်သည့်ဌာနဖြစ်ပြီး 

DOGE  ဖော်ပြချက်အရ ယင်းဌာနသည် သမ္မတအမိန့်ညွှန်ကြားချက်များနှင့်အညီ မလိုအပ်သည့်နေရာများတွင် အလုပ်ခန့်ထားမှုများ ၊ ပြည်ပအဖွဲ့အစည်းများအတွက် မလိုအပ်သည့်ကုန်ကျမှုများကို တားဆီးကာ  ခန့်မှန်းခြေ နေ့စဉ်ဒေါ်လာတစ်ဘီလျံ အစိုးရအတွက်ချွေတာပေးလျက်ရှိသည်။ 

 DOGE   က  ထရန့်အစိုးရအတွက် နေ့စဉ်ချွေတာစရိတ် ဒေါ်လာသုံးဘီလျံအထိ တက်လာရန်လိုသည်ဟုပင် ထုတ်ပြန်ထားသည်။ 



ထို့ပြင် အမေရိကန်က ဒုက္ခသည်များ ကျန်းမာ‌ရေးကူညီ‌ပေး‌ရေးအဖွဲ့(IRC) အား ပေးသည့် အထောက်အပံ့များကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ လိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများ၌ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း ဒေသခံသတင်း ဌာနများ၏ ဖော်ပြချက်အရ သိရသည်။ 

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှစ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ရပ်နားထားလိုက်ရသည်ဟု ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဒေသ ခံသတင်းဌာနဖြစ်သည့် ကေအိုင်စီသတင်း ဌာနသို့ ပြောကြားထားသည်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာသို့ ပေးနေသည့် အကူညီများကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီးသည့်နောက် အမေရိကန်နိုင်ငံ၏ အကူညီများနှင့် ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်များအတွက် အကူညီပေးနေသော ကျန်းမာ‌ရေးကူညီ‌ပေး‌ရေး အဖွဲ့ ((IRC - International Rescue Committee)) က အထောက်အပံ့များကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ခံထားလိုက်ခြင်းဖြစ်သည်။ 

အဆိုပါ အမေရိကန်သမ္မတ ထရန့်အမိန့်ကြောင့် အကူအညီများ ရပ်တန့်ခဲ့သည့် ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ထိုင်းအစိုးရက ပံ့ပိုးမည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ငွေကြေးထောက်ပံ့မှုကို ချက်ချင်းထိခိုက်စေသည့် နိုင်ငံခြားအကူအညီများကို ရက် ၉၀ ကြာ ခေတ္တရပ်ထားရန် အမေရိကန်သမ္မတက အမိန့်ပေးပြီးနောက် ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ထိုင်းအစိုးရက ဆက်လက်ပံ့ပိုးပေးမည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနယ်စပ်ရှိ ထိုင်းဘက်ခြမ်းရှိ စခန်းကိုးခုတွင် ဒုက္ခသည် တစ်သိန်းခန့်ရှိကြောင်း၊ ယခင်က နိုင်ငံတကာအဖွဲ့အစည်းများမှာ စခန်းများ၏ လည်ပတ်မှုကုန်ကျစရိတ်များကို ငွေကြေးထောက်ပံ့ကူညီသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ Trump မူဝါဒကို ကြေညာပြီးနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ဒုက္ခသည်စခန်းများ၌ လုပ်ငန်းများ စတင်လုပ်ဆောင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း BBC သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြပြီးနောက် ဝန်ကြီးက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။  



Ref: DOGE

Most Read

Most Recent