န်မာစာပေလောကတွင် ထင်ရှားကျော်ကြားသည့် အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) ရုတ်တရက် ကွယ်လွန် ခဲ့ကြောင်း သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေး ထားသည်။
မြန်မာစာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သည့် ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) မှာ ဇန်နဝါရီ ၂၇ ရက် ည ၁၂ နာရီခွဲက ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ်တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးခင်အေး ဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည့် ဆရာကြီးမှာ ၂၀၀၂ ခုနှစ်တွင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားရယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူး ဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။
ဆရာကြီးသည် ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မြန်မာစာ၊ သင်္ချာ ဂုဏ်ထူးများဖြင့် အောင်မြင်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာစာ အမှတ် အများဆုံးဖြင့် အောင်မြင်သည့်အတွက် ငွေတာရီရွှေတံဆိပ်နှင့် လှသမိန်ရွှေတံဆိပ် ချီးမြှင့်ခြင်းခံရသည့်အပြင် တက္ကသိုလ်ပညာသင်ဆုကိုလည်း ရရှိသည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(အထွေထွေဂုဏ်ထူး) ဘွဲ့ရသည်။ ၁၉၆၃ ခုနှစ်တွင် ပုသိမ်ကောလိပ်၊ မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံတွင် မြန်မာစာ ဧည့်ပါမောက္ခအဖြစ် ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာကြီး၏ ထင်ရှားသော စာအုပ်များမှာ စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာ (၁၉၇၉)၊ ပြည်သူ့အတွက် မြန်မာစကားပြေ (၁၉၈၅)၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ (၁၉၉၀၊ ၁၉၈၇ စာပေဗိမာန်စာမူဆု၊ သုတပဒေသာ ဝိဇ္ဇာ ပထမဆု)၊ မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင်(၁၉၉၂ )၊ မေတ္တာနှလုံးသားပုံရိပ်များ (၁၉၉၇)၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း(၁၉၉၇)၊ စကားသမုဒ္ဒရာ၊ စာသမုဒ္ဒရာ(၁၉၉၇)၊ တစ်သံ နှစ်သံ သုံးလေးသံ(၂၀၀၀)၊ သုတေသနလက်စွဲ(၂၀၀၁)၊ နှစ်လေးဆယ် ဘဝမှတ်တိုင်များ(၂၀၀၂၊ အမျိုးသားစာပေဆု၊ စာပဒေသာဆု)၊ အစရှိသည့် စာအုပ်များကို ရေးသားခဲ့သည်။















