တရုတ်၏ စစ်အင်အားတည်ဆောက်မှုကို အလွန်စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်၏ စစ်အင်အားတည်ဆောက်မှုကို အလွန်စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဒီဇင်ဘာ ၂၆ ရက်က ပေကျင်းမြို့တော်ရှိ Diaoyutai နိုင်ငံတော် ဧည့်ဂေဟာတွင် လက်ဆွဲနှုတ်ဆက်နေသည့် အီဝါယာ (ဝဲ) နှင့် ဝမ်ယိတို့ကို တွေ့ရစဉ်(Photo: AP)
ဒီဇင်ဘာ ၂၆ ရက်က ပေကျင်းမြို့တော်ရှိ Diaoyutai နိုင်ငံတော် ဧည့်ဂေဟာတွင် လက်ဆွဲနှုတ်ဆက်နေသည့် အီဝါယာ (ဝဲ) နှင့် ဝမ်ယိတို့ကို တွေ့ရစဉ်(Photo: AP)
Published 26 December 2024

တရုတ်၏စစ်အင်အားတည်ဆောက်မှုကိုအလွန်စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အီဝါယာသည် တရုတ်နိုင်ငံပေကျင်းမြို့တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့်တွေ့ဆုံချိန်တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။

အီဝါယာသည် ယခုနှစ်အစောပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပြီးနောက် ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် ဝမ်နှင့်တွေ့ဆုံခဲ့ပြီး ထိုင်မ်အရေးနှင့် မကြာသေးမီက စစ်ရေးလှုပ်ရှားမှုများကို ဂျပန်က အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

ပေကျင်းမြို့တော်၏ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင်ပြုလုပ်သည့် ထိုအစည်းအဝေးတွင် အီဝါယာက ဆန်ကာကူ ကျွန်းများ၊ တရုတ်၏စစ်ရေးလှုပ်ရှားမှုများအပါအဝင် အရှေ့တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်းပြောကြားခဲ့သည်ဟုလည်း ဂျပန်က ပြောသည်။

ထို့ပြင် တရုတ်အာဏာပိုင်များဖမ်းဆီးထိန်းသိမ်းထားသည့် ဂျပန်နိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ရန်လည်း အီဝါယာက တိုက်တွန်းခဲ့သည်။

နားလည်ရခက်ခဲသည့် တရုတ်၏ သူလျှိုတိုက်ဖျက်ရေးဥပဒေကြောင့် ဂျပန်နိုင်ငံသားများသည် တရုတ်သို့သွားရန် တွန့်ဆုတ်နေကြကြောင်းလည်း အီဝါယာက သတိပေးခဲ့သည်။

သို့သော် လာမည့်နှစ်တွင် ဖြစ်နိုင်ခြေရှိသည့် ဝမ်၏ ဂျပန်ခရီးစဉ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးစလုံးက သဘောတူခဲ့ကြသည်။

ဝမ်၏ ဂျပန်ခရီးစဉ်သည် လျော်ကန်သင့်မြတ်သည့်အချိန်တွင် ဖြစ်မြောက်လာလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသားများအကြောင်း သို့မဟုတ် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဖော်ပြခဲ့ခြင်းမရှိပေ။

အီဝါယာသည်သည် အစောပိုင်းကလည်း တရုတ်ဝန်ကြီးချုပ် လီချင်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာ၊ တည်ငြိမ်စေရန် လုပ်ဆောင်ရေးကို သဘောတူညီခဲ့ကြောင်း ဂျပန်သတင်းအေဂျင်စီကျိုဒိုက ဖော်ပြခဲ့သည်။

ဒေသတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်မြေများတွင် တရုတ်၏မြင့်တက်လာသည့် စစ်ရေးလှုပ်ရှားမှုများက ဂျပန်ကိုစိုးရိမ်စေခဲ့ပြီး ဂျပန်သည် အမေရိကန်နှင့် အခြားနိုင်ငံများနှင့် လုံခြ့ုရေးဆက်ဆံမှုများကို တိုးမြှင့်ခဲ့သည်။

သို့သော် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် အာဏာပြန်ရလာမည့်အချိန်တွင် အမေရိကန်-ဂျပန် ဆက်ဆံရေးများတည်ငြိမ်ရေးနှင့်ပတ်သက်ပြီး ဂျပန်ကို စိုးရိမ်စေခဲ့ကာ ထိုအခြေအနေကို တရုတ်က အ မြတ်ထုတ်ရန်ကြိုးပမ်းဖွယ်ရှိကြောင်း တိုင်ပေအခြေစိုက် ဂျရမီးချင်ချန်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်သည် ဂျပန်အာဏာရပါတီအတွင်း တရုတ်ဆန့်ကျင်သည့် သဘောထားများကို မှေးမှိန်ပျောက်ကွယ်စေရန်ရည်ရွယ်ပြီး အမေရိကန်အစိုးရအဖွဲ့ အကူးအပြောင်းကာလကို အသုံးချနေကြောင်း ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံခြားရေးမူဝါဒသည် မည်သည့်အပြောင်းအလဲရှိလာစေကာမူ ယင်းသည် အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးကို ကြီးမားစွာသက်ရောက်မှုများရှိစေလိမ့်မည်ဟု ဂျရမီးက ပြောသည်။

သြဂုတ်လအတွင်းက တရုတ်စစ်လေယာဉ်တစ်စင်းသည် ဂျပန်လေပိုက်နက်အတွင်း ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ကာ သီတင်းပတ်အနည်းငယ်အကြာတွင် ဂျပန်စစ်သင်္ဘောတစ်စင်းက ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းမောင်းနှင်ခဲ့သည်။                                 

Ref: AFP

Most Read

Most Recent