ထိုင်ဝမ်သမ္မတလိုင်ချင်တယ်သည် ၎င်း၏ ပစိဖိတ်ခရီးစဉ်အတွင်း အမေရိကန်၏ ဂူအမ်ကျွမ်းသို့ သွားရောက်ခဲ့ကာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နှင့် စကားပြောဆိုခဲ့သည်။လိုင်သည် ဂျွန်ဆင်နှင့် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီဒီယိုဆက် သွယ်မှုဖြင့်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသည် လိုင်၏ပစိဖိတ် ခရီးစဉ်အတွင်း ထိုင်ဝမ်နှင့် အမေရိကန်အကြား အဆင့်အမြင့်ဆုံးထိတွေ့ဆက်ဆံမှုဖြစ်ခဲ့သည်။
၂၀၂၂ ခု နှစ်ကလည်း ထိုင်ဝမ်ကို ထိုအချိန်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေသည့် နန်စီပယ်လိုစီလာရောက်ခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်အနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် လိုင်သည် ဒီမိုကရစ်တစ်လူများစုခေါင်းဆောင် ဟက်ကင်မ် ဂျက်ဖရီနှင့် အထက်လွှတ်တော်အမတ် ရော်ဂျာဝစ်ကာ တို့နှင့်လည်း ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု လိုင်၏ ရုံးက ထုတ်ပြန်ခဲ့သည်။ အမေရိကန်လွှတ်တော်အမတ်များက ဒီမိုကရေစီနှင့် လွတ်လပ်မှုကိုကာကွယ်ရာတွင် ထိုင်ဝမ်ကို အမေရိကန်လွှတ်တော်က ထောက်ခံကြောင်း သတင်းစကားများပြောကြားခဲ့သည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်ကို အဓိက ထောက်ခံသည့်နိုင်ငံဖြစ်ကာ လက်နက်များ အများဆုံးရောင်းချပေးနေသည်။
Ref: AFP















