နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တို့သည် ဘရာဇီးနိုင်ငံ၌ကျင်းပသောဂျီ-၂၀ အစည်းအဝေး၌ကိုရီးယားကျွန်းဆွယ်နှင့် သက်ဆိုင်သောတင်းမာမှုများကို ဆွေးနွေးခဲ့သည်ဟု တရုတ်မီဒီယာကဖော်ပြခဲ့သည်။
တရုတ်နှင့်ရုရှားတို့သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို မော်စကို၏ကျူးကျော်မှု စတင်ကတည်းက ပိုမို ရင်းနှီးလာခဲ့ကြသည်။ တရုတ်သည် ကျူးကျော်စစ်ပွဲဆင်နွှဲနေသော မိတ်ဖက်ရုရှားအတွက်နည်းဗျူဟာ အကူအ ညီများပေးနေသည်ဟု အနောက်နိုင်ငံများက စွပ်စွဲထားသည်။
ရုရှားထံ စစ်ရေးအကူအညီပေးရန် မြောက်ကိုရီးယား၏ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ တရုတ်သည် အများအားဖြင့် အသံမထွက်သော တုံံ့ပြန်မှုကို လုပ်ဆေင်ခဲ့သည်။ သို့သော်တရုတ်သည် ကိုရီးယားကျွန်းဆွယ်ရှိ ၎င်း၏အမာခံ အကျိုးစီးပွားများကို ကာကွယ်သွားမည်ဟု တရုတ်သမ္မတရှီကျင်းပင်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကို လွန်ခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့တို့သည် နိုဝင်ဘာ ၁၈ ရက်တွင် ရီယိုဒီဂျနေရိုမြို့၌ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းပဋိပက္ခနှင့်ကိုရီးယားကျွန်းဆွယ်က အခြေအနေတို့ကို အမြင်များဖလှယ်ခဲ့ကြသည်ဟု တရုတ်အစိုးရပိုင် ရုပ်သံလွှင့်ဌာန CCTV က ဖော်ပြခဲ့သည်။
ဝန်ကြီးနှစ်ဦး ဆွေးနွေးခဲ့သော အသေးစိတ်အကြောင်းအရာများကို CCTV က အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေ။
တရုတ်သည် ပူးပေါင်းဆောင်ရွက်မှုနှင့်(နိုင်ငံရေး)ပေါင်းစည်းမှုတို့ ထပ်မံအားကောင်းလာစေရေးအတွက် ရုရှားနှင့်အတူဆောင်ရွက်သွားရန် လိုလားသည်ဟု ဝမ်ယိက ပြောကြားခဲ့ကြောင်း CCTV က ဆက် လက်ဖော်ပြခဲ့သည်။
တရုတ်သည် မိမိတို့သက်ဆိုင်ရာနိုင်ငံများ၏ ဖွံ့ဖြိုးရေးနှင့်ပြန်လည်သက်ဝင်လှုပ်ရှားလာရေးတို့အတွက် ငွေကြေးစသည်ထည့် ဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုနှင့်သက်ဆိုင်သော ပြုပြင် ပြောင်းလဲမှုကိုလုပ်ဆောင်သွားမည်ဟု ဝမ်ယိက ဖြည့်စွက်ပြောကြားခဲ့ကြောင်း CCTV က ဆက်လက် ဖော်ပြခဲ့သည်။
မုန်တိုင်းထန်သော ဆက်ဆံရေးသမိုင်းကြောင်းရှိထားခြင်းနှင့်အတူ ကာလရှည်ဆို ရှယ်လစ်အင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့်ရုရှားတို့သည် လွန်ခဲ့သောနှစ်များတွင် သံတမန်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး၊ ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးများကို တိုးမြှင့်ခဲ့ကြပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုတိုးလာသည်ဟု ယူဆရသည်။
သို့ရာတွင် ယူကရိန်း၌ မြောက်ကိုရီးယားစစ်သားများကို ဖြန့်ကြက်ရန် အလားအလာဖြင့် ပြုံယမ်းက ၎င်း၏စစ်သားများကို ရုရှားသို့ စေလွှတ်ပေးရန်ဆုံးဖြတ်ချက်က တရုတ်၏ အရှေ့အာရှအိမ်နီးချင်းနိုင်ငံများ၌ လုံခြုံရေး ဂယက်ရိုက်မှုများကို ဖြစ်ပေါ်စေခဲ့ရာယင်းအချက်က ပေကျင်းကို မအီမလည်ဖြစ်စေသည်။
တရုတ်သည် အစဉ်အလာအားဖြင့် မြောက်ကိုရီးယားနိုင်ငံ၏အကြီးဆုံး သံတမန်မဟာမိတ်ဖြစ်ပြီး ပြုံယမ်း၏ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေသော စီးပွားရေးအတွက် အရေးပါသောစီးပွားရေး ထောက်ပံ့မှု အရင်းအမြစ်ဖြစ်သည်။
တရုတ်သည် ကိုရီးယားကျွန်းဆွယ်၌ ပဋိပက္ခနှင့် ဝရုန်းသုန်းကားတို့ ဖြစ်ပွားမည့်အနေအထားကို ခွင့်ပြုမည်မဟုတ်ဟု ပီရူးနိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်က ကျင်းပခဲ့သည့် အေပက်ထိပ်သီးတွင် ရှီက ဂျိုး ဘိုင်ဒင်ကို ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။
“တရုတ်အနေနဲ့မိမိရဲ့မဟာဗျူဟာမြောက်လုံခြုံရေးနဲ့အမာခံ အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံရတဲ့အခါ ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ပါဘူး”ဟု ရှီကပြောခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
Ref: AFP