တရုတ်နိုင်ငံ၏ One Belt One Road စီမံကိန်း၊ မြန်မာနှင့်ဆိုင်သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများနှင့်ပတ်သက်၍ မကြာမီတိုးမြှင့်လာမည်ဟုမျှော်မှန်းကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည့် နစကဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
ဗိုလ်ချုပ်ဇောင်မင်းထွန်းက“စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ ကူမင်းနဲ့ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။ အောင်မြင်မှုရခဲ့တယ်။ မြန်မာနိုင်ငံကိုလာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက် ကြွကြွလိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံ ကိန်းစတဲ့မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တ ရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြှင့်လာမယ်လို့မျှော်မှန်းပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် တရုတ်ခရီးစဉ်အတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တို့နှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အပြုသဘောဆောင်သည့် တိုး တက်မှုများကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ယခင်ကကဲ့သို့ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အားပေးကြောင်းကို ထပ်မံထပ်လောင်းအသိအမှတ်ပြုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက“တရုတ်နိုင်ငံရဲ့နယ်နိမိတ်၊ တရုတ်နိုင်ငံ၏ နယ်မြေကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို လက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲမြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ ထပ်မံပြီးတော့ ထပ် လောင်းအတည်ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံမြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ် ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်းရရှိခဲ့တယ်”ဟု ပြော ကြားသည်။
ထို့ပြင် လူမှုရေးပိုင်းနှင့်ပတ်သက်၍ ပညာရေးကဏ္ဍတွင် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြည်နယ်အဆင့်၊ ဗဟိုအစိုးရအဆင့်တို့တွင် မိမိတို့ပညာတော်သင်အဖွဲ့များ ပိုခေါ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးကို ဆက်လက်ပြီး ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်၏ အနှစ်ချုပ်ကို ပြောရမည်ဆိုပါက ခရီးစဉ်သည် တရုတ်နိုင်ငံတင်သာမက လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန် ကြီးချုပ်တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ယခုခရီးစဉ်သည် မြန်မာပြည်သူ လူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးအောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်သည်ဟု ပြောကြားလိုကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။